အီလွန်မာ့စ်ခ် ပိုင်တဲ့ အရင်တွစ်တာ အခု အိတ်ဇ် လို့ နာမည် ပြောင်းထားတဲ့ ဆိုရှယ်မီဒီယာ ပလက်ဖောင်းကို ဘရာဇီးနိုင်ငံထဲ ပိတ်ချ နိုင်ဖို့အတွက် အရေးယူမှုတွေ လက်တွေ့ စတင် လုပ်ဆောင် နေပြီ ဖြစ်ပါတယ်။
အိတ်ဇ်ပေါ်မှာ သတင်းတု သတင်းမှားတွေ ဖြန့်ဝေတာကို အရေးတယူ ထိန်းချုပ် ကိုင်တွယ် တာမျိုး မလုပ်ပဲ၊ အလိုက်သင့် လက်သင့်ခံနေတယ် ဆိုပြီး ဘရာဇီး အာဏာပိုင်တွေက ရှုမြင်နေပါတယ်။
အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဘရာဇီးနိုင်ငံထဲ အိတ်ဇ် အပေါ် တရားစွဲထားတာမှာ၊ အဲဒီ အမှု အတွက် သူတို့ရဲ့ ဥပဒေ အကျိုးတော်ဆောင် ရှေ့နေ အဖြစ် ဘယ်သူဘယ်ဝါ့ကို ခန့်ထားပါတယ် ဆိုတာကို တရားရုံးကို တင်ပြဖို့ရာ အိတ်ဇ်ဘက်ကနေ သတ်မှတ်ရက် အမှီ မတင်ပြပဲ ပျက်ကွက်ခဲ့ပါတယ်။
ဒီနောက် သြဂုတ်လ ၃၀ ရက်၊ သောကြာနေ့မှာပဲ အိတ်ဇ် ဆိုရှယ်မီဒီယာ ပလက်ဖောင်းကို ဘရာဇီးနိုင်ငံထဲ ချက်ခြင်းလက်ငင်း အလုံးစုံ ဆိုင်းငံ့ ထားရမယ် ဆိုတဲ့ အမိန့် တရားရုံးချုပ်က ချမှတ်လိုက်ပါတယ်။
အဲဒီ အမိန့်ကို တရားရုံးချုပ် တရားသူကြီး အလက်ဇန်ဒဂီ ဒီ မော်ရေးစ် က ချမှတ်တာ ဖြစ်ပြီး၊ တရားရုံးတော်ကနေ ချမှတ်ထားနှင့်ပြီး အမိန့်တွေအားလုံးကို အိတ်ဇ်ဘက်ကနေ မလိုက်နာမချင်း …. ၊ ပေးဆောင်ရန် ကျန်ရှိနေတဲ့ ဒဏ်ကြေးငွေတွေကို မပေးမချင်း ဆိုင်းငံ့ပိတ်ပင်မိန့် တည်နေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဘရာဇီး အာဏာပိုင်တွေနဲ့ အိတ်ဇ် အကြား အငြင်းပွားမှုဟာ ဒီနှစ် ဧပြီလ ကတည်းက စတင်ခဲ့တာ ဖြစ်ပါတယ်။ အိတ်ဇ်ပိုင်ရှင် ဘီလျံနာ သူဌေး အီလွန်မာ့စ်ဟာ လွတ်လပ်စွာ ပြောဆိုခွင့် free speech ကို အလုံးစုံ ခြွင်းချက်မဲ့ လက်ခံသူ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ကြွေးကြော်ထားသူ ဖြစ်ပါတယ်။
အိတ်ဇ်ပေါ်မှာ သတင်းမှားတွေ ဖြန့်နေတယ် ဆိုတဲ့ ပြောဆိုချက်ကို မစ္စတာ မာ့စ်က ပယ်ချပြီး လွတ်လပ်စွာ ပြောခွင့်အပေါ် ကာကွယ်ရမယ်လို့ ဆိုထားပါတယ်။
“ဒီမိုကရေစီ မယိုင်လဲအောင် ထောက်မတ်ပေးထားတဲ့ အမာခံဟာ လွတ်လပ်စွာ ပြောဆိုခွင့် ဖရီးစပိချ် ဖြစ်တယ်” လို့ မစ္စတာ မာ့စ်က ပြောရင်း အမိန့်ချမှတ်တဲ့ ဘရာဇီး တရားရုံးချုပ် တရားသူကြီး အပေါ်မှာလည်း တိုက်ရိုက် ပြင်းပြင်းထန်ထန် ဝေဖန်ပါတယ်။
ဒီမိုကရေစီရဲ့ အမာခံ လွတ်လပ်စွာ ပြောဆိုခွင့်ကို ဘရာဇီးထဲ ရွေးကောက် တင်မြှောက်ခံရတာကနေ ဖြစ်လာတာ မဟုတ်တဲ့ နာမည်ခံ တရားသူကြီးကနေ နိုင်ငံရေး ကြံရွယ်ချက် ရှိရှိနဲ့ ဖျက်စီးပစ်နေတယ် ဆိုပြီး မစ္စတာ မာ့စ်က ပြောပါတယ်။ အဲဒီ တရားသူကြီးဟာ “အာဏာရှင် မကောင်းဆိုးရွား” ဆိုပြီးတော့လည်း အိတ်ဇ် သူဌေးက သမုတ်ပါတယ်။
ဘရာဇီးနိုင်ငံထဲက အင်တာနက် ဝန်ဆောင်မှု တယ်လီကွန်း ကုမ္ပဏီကြီးတွေ ဘက်ကတော့ တရားရုံးချုပ် အမိန့်ကို လိုက်နာမယ် ဆိုပြီး ပြောပါတယ်။
ဘရာဇီးရဲ့ လူဦးရေ သန်း ၂၀၀ မှာ အနည်းဆုံး ၁၀ ပုံ ၁ ပုံ အိတ်ဇ်ကို သုံးကြပါတယ်။ တရားရုံး အမိန့်ထွက်ပြီး နောက်တစ်ရက် စနေမနက်မှာပဲ အိတ်ဇ်ထဲ ဝင်လို့ မရတော့ဘူးလို့ ကိုယ်တွေ့ ကြုံကြရသူတွေက ပြောပါတယ်။
သုံးစွဲသူတွေဘက်က တကယ်လို့ VPN ခံပြီး ကျော်သုံးမယ် ဆိုရင်လည်း တစ်ရက်ကို ဒဏ်ကြေး ဒေါ်လာ ၉ ထောင်နီးပါးအထိ ပေးဆောင်ဖို့ သတ်မှတ်ထားပါတယ်။
တကယ်တော့ အိတ်ဇ်ဟာ ဘရာဇီးထဲက သူတို့ရုံးကို အခုလ အစောပိုင်း ကတည်းက ပိတ်သိမ်းထားပြီး ဖြစ်ပါတယ်။ တရားရုံး အမိန့်တွေကို မလိုက်နာရင် အဖမ်းခံရမယ် ဆိုတဲ့ ခြိမ်းခြောက်မှုတွေ ရှိနေကြောင်း အိတ်ဇ်ကို ဘရာဇီးထဲ ဥပဒေကြောင်းအရ ကိုယ်စားပြုတဲ့ အမျိုးသမီးက ပြောထားပါတယ်။
အဲဒီ အမိန့်တွေ ဆိုတာကလည်း ဆင်ဆာ ဖြတ်တောက်နိုင်ရေး မူအပေါ်မှာ အခြေခံထားတာ ဖြစ်သလို၊ တရားရုံးရဲ့ အမိန့်တွေကိုယ်တိုင် ဘရာဇီးရဲ့ ဥပဒေအောက် အကြုံးမဝင်ပဲ ချိုးဖောက်နေတယ်လို့လည်း ဝေဖန်ထားပါတယ်။
သူတို့ ပစ်မှတ်ထားခံရတာဟာ နိုင်ငံရေးကြောင့် ဆိုပြီး အိတ်ဇ်ဘက်က ပြောနေတာဟာ အကြောင်း ရှိပါတယ်။ တရားရုံးချုပ် တရားသူကြီး မော်ရေးစ် က တိုက်ရိုက် ရည်ညွှန်း ပြောဆိုနေတဲ့ အကောင့်ပိုင်ရှင်တွေဟာ အရင် လက်ျာဝါဒီ သမ္မတ မစ္စတာ ဘိုလ်ဆိုနာရို အပေါ် ထောက်ခံနေသူတွေ ဖြစ်ပါတယ်။
သတင်းမှားတွေ ဖြန့်နေတဲ့ အဲဒီသူတွေ အပေါ် ဘရာဇီး အာဏာပိုင်တွေ စုံစမ်း စစ်ဆေးနေတုန်း သူတို့ရဲ့ အကောင့်တွေကို ဆိုင်းငံ့ထားထားရမယ်၊ စုံစမ်းဆဲ ကာလ အကောင့်တွေ ပြန် အသက်ဝင်လာရင် အိတ်ဇ်ရဲ့ ဥပဒေ ကိုယ်စားပြု ကိုယ်တိုင် တာဝန်ယူရမယ်လို့ တရားသူကြီး မော်ရေးစ်ရဲ့ အမိန့် ရှိထားနှင့်ပြီး ဖြစ်ပါတယ်။
တရားသူကြီး မော်ရေးစ် ကိုယ်တိုင် လက်ဝဲဝါဒီ ဖြစ်နေတဲ့ အတွက် သူ့ရဲ့ နိုင်ငံရေး အယူဝါဒ အပေါ် အခြေခံပြီး ဆုံးဖြတ်နေတာ ဖြစ်တယ်လို့ ဘရာဇီး ပြည်တွင်းမှာပါ ဝေဖန်သံတွေ ရှိနေပါတယ်။ အိတ်ဇ် ပိုင်ရှင်ကလည်း အခု အဲဒီ သဘောပဲ ဝေဖန် ပြောဆိုတာ ဖြစ်ပါတယ်။
တရားရုံးချုပ် တရားသူကြီးရဲ့ သောကြာနေ့ ဆုံးဖြတ် အမိန့်ကြောင့် မစ္စတာ မာ့စ်ပိုင် ဂြိုဟ်တု အင်တာနက် ကုမ္ပဏီ စတားလင့်နဲ့ ချိတ်ဆက်ထားတဲ့ ဘဏ်အကောင့်တွေကိုလည်း ထိန်းချုပ်ထားပါတယ်။
တရားသူကြီး မော်ရေးစ်ဟာ သမ္မတဟောင်း မစ္စတာ ဘိုလ်ဆိုနာရိုနဲ့ တကွ နောက်လိုက်နောက်ပါတွေ အပေါ် ပြီးခဲ့တဲ့ ၂၀၂၃ နှစ်ဆန်း ဇန်နဝါရီ ၈ ရက် နေ့တုန်းက အာဏာသိမ်းဖို့ ကြံစည် အားထုတ်မှု စွဲချက်တွေ အပေါ် ကိုင်တွယ် စစ်ဆေး နေသူ ဖြစ်ပါတယ်။
ဘရာဇီးထဲမှာ အိတ်ဇ်တစ်ခုတည်းပဲ ဖိအားပေးခံရတဲ့ ဆိုရှယ်မီဒီယာ မဟုတ်ပါဘူး။ မနှစ်တုန်းကဆိုရင် တယ်လီဂရမ်လည်းပဲ တချို့ ပရိုဖိုင်းတွေကို ဘလော့လုပ် ပိတ်ပင်ခိုင်းတဲ့ အာဏာပိုင်တွေရဲ့ တောင်းဆိုချက်ကို မလိုက်နာပဲ ပျက်ကွက်လို့ ဆိုပြီး ယာယီ အပိတ် ခံခဲ့ရပါတယ်။
Source from BBC News
Comments