ရန်ကုန်က ရပ်ကွက်တွေမှာ စားအုန်းဆီဝယ်ယူခွင့်အတွက် အိမ်ထောင်စုစာရင်း၊ မှတ်ပုံတင်တွေနဲ့ လူဦးရေစာရင်း အတိအကျတောင်းယူနေတာကြောင့် ဆီထုတ်ယူခွင့်စာအုပ်ပြုလုပ်သူ နည်းပါးသွားတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
မြောက်ဒဂုံမြို့ခံတယောက်က “ဆီစာအုပ်လုပ်ဖို့ထက် သူတို့က လူဦးရေစာရင်းကောက်နေတာ။ သန်းခေါင်စာရင်းတွေပေး၊ မှတ်ပုံတင်တွေ ပေးခိုင်းနေတာ။ တချို့က မပေးဘူး၊ ဒီအိမ်မှာ ဒီသန်းခေါင်စာရင်းမှာ ယောကျ်ားလေး ဘယ်နှယောက်ရှိတယ်၊ မရှိဘူး သိသွားမှာ။ ဒီရပ်ကွက်ထဲမှာ ယောကျာ်းလေး ရှိတဲ့အိမ်တွေက မပေးတော့ဘူး”လို့ ပြောပါတယ်။
စားအုန်းဆီ ဝယ်ယူခွင့်စာအုပ်တွေကို စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်ရုံးတွေမှာ ဩဂုတ်လ နောက်ဆုံးအပတ်က စတင်ပြုလုပ်ပေးနေတာဖြစ်ပြီး အိမ်ထောင်စုစာရင်း၊ ဧည့်စာရင်း၊ အိမ်ထောင်ဦးစီးမှတ်ပုံတင်တွေရဲ့ မိတ္တူ ၂ စောင်နဲ့ စာအုပ်ကြေး ၁၀၀၀ ကျပ်ပေးမှ ပြုလုပ်ပေးနေတာ ဖြစ်ပါတယ်။
ရပ်ကွက်အုပ်ချုပ်ရေးရုံးနဲ့နီးစပ်သူတယောက်က “ဆီကော်မတီနဲ့ ထွေအုပ်ပေါင်းလုပ်တာ။ သူတို့ အပြောကတော့ စာအုပ်နဲ့ဘာနဲ့ သေချာလုပ်ရင် ဆီမှောင်ခိုလျော့သွားမယ်လို ပြောတယ်။ လောလောဆယ် စာအုပ်လာလျှောက်သူ နည်းတယ်။ အခြားနေရာက ရွှေ့ပြောင်းဆို ဧည့်စာရင်းတိုင်ထားရင် ဒီရပ်ကွက်မှာပဲ ဆီစာအုပ် လုပ်ပေးပါတယ်။ ပေးမယ့်ရက်က အခုအတိုင်းပဲ။ ရုံးမှာ မဟုတ်ဘူး။ အခု ကိုယ်စားလှယ်ယူထားတဲ့ ဆိုင်တွေမှာပဲ။ အနည်းဆုံး ၅၀ သားက စပေးမယ်။ အခြားကိစ္စတော့ မသိဘူး” လို့ ပြောပါတယ်။
စားသုံးသူရေးရာဦးစီးဌာနက ထုတ်ပြန်တဲ့ ဩဂုတ် ၂၆ ရက်ကနေ စက်တင်ဘာ ၁ ရက်နေ့အတွင်း စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းစျေးဟာ တပိဿာ ၆,၃၇၅ ကျပ်ဖြစ်ပြီး တန်းစီဝယ်ယူနေရတာကြောင့် ပြင်ပပေါက်စျေး တပိဿာ ၁၄,၀၀၀ ကျပ် အထိ ပေးဝယ်နေကြရပါတယ်။
စစ်ကောင်စီက အသက် ၃၅ နှစ်ကနေ ၆၅ နှစ်အထိ အမျိုးသားတွေပါဝင်တဲ့ ပြည်သူ့လုံခြုံရေးအဖွဲကို တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကျေးအထိ ဖွဲ့စည်းမယ်လို့ ကြေညာခဲ့အပြီးမှာ စားအုန်းဆီအတွက် လူဦးရေစာရင်း ပေးနေရတာကြောင့် ပြည်သူတွေထဲ စိုးရိမ်မှုတွေ မြင့်တက်နေတာ ဖြစ်ပါတယ်။
Source from DVB News
Comentários