top of page
Writer's pictureShwe Thai

လစ်ဗျားတွင် ဘဏ်ဝန်ဆောင်မှုရပ်ဆိုင်းပြီး ရေနံတွင်းများ ပိတ်ပစ်မည်ဟု ကြေညာ

လစ်ဗျားနိုင်ငံမှာ အာဏာပြိုင်အုပ်စုတွေက လစ်ဗျားဗဟိုဘဏ်  (CBL) ရဲ့ ဦးဆောင်မှုအပေါ် အငြင်းပွားမှုတွေ ပြင်းထန်လာပြီး နောက်မှာ ဩဂုတ် ၂၆ ရက်က နိုင်ငံအရှေ့ပိုင်းအခြေစိုက် အစိုးရဟာ နိုင်ငံရဲ့ အရှေ့ဘက်ရှိ ရေနံမြေတွေကို ပိတ်ပစ်တော့မှာဖြစ်ပြီး ထုတ်လုပ်မှုနဲ့ တင်ပို့မှုတွေကို ရပ်ဆိုင်းမယ်လို့  ကြေညာခဲ့ပါတယ်။

ဘဏ်လုပ်ငန်း ဝန်ဆောင်မှုတွေကို ရပ်ဆိုင်းတာနဲ့ ရေနံထုတ်လုပ်မှု ရပ်ဆိုင်းလိုက်တဲ့ သတင်းတွေ အပါအဝင် လောလောလတ်လတ် ဆက်တိုက်အဖြစ်အပျက်တွေအကြား ဗဟိုဘဏ်တဝိုက်မှာ လစ်ဗျား လုံခြုံရေးတပ်ဖွဲ့ဝင်တွေ တပ်စွဲထားပါတယ်။


လစ်ဗျားဗဟိုဘဏ် (CBL) အကြီးအကဲ ဆာဒစ်အလ်ကာဘီယာကို ဖြုတ်ချဖို့ နိုင်ငံရေးအင်အားစုတွေက ကြိုးပမ်းလာပြီး လစ်ဗျားရှိ နှစ်ဖက်အုပ်စုတွေဟာ ဗဟိုဘဏ်နဲ့ နိုင်ငံရဲ့ ရေနံဝင်ငွေတွေကို ထိန်းချုပ်ဖို့ အာဏာလွန်ဆွဲမှုကို ပြိုင်ဆိုင် တိုက်ခိုက်နေကြပြီးနောက်မှာ အခုနောက်ဆုံး တင်းမာမှုတွေ ပေါ်လာတာ ဖြစ်ပါတယ်။

လစ်ဗျားနိုင်ငံသားတွေကတော့ သူတို့ရဲ့နေ့စဉ်ဘဝတွေကို ပုံမှန်အတိုင်းသာ ဖြတ်သန်းလိုပြီး ဘဏ်လုပ်ငန်းဆိုင်ရာ လုပ်ထုံးလုပ်နည်းအားလုံးကို သူ့ပုံမှန်အတိုင်းသာ လုပ်ဖို့ တောင်းဆို ကြောင်းနဲ့ နိုင်ငံရေးပြဿနာတွေနဲ့ ဗဟိုဘဏ်ရဲ့ ဦးဆောင်မှုအပေါ် ပြိုင်ဆိုင်မှုတွေအတွက် သူတို့အချင်းချင်း ဖြေရှင်းသင့်တယ် လို့ ပြောကြပါတယ်။


လစ်ဗျားနိုင်ငံရဲ့ နိုင်ငံတကာ အသိအမှတ်ပြု ထရီပိုလီအစိုးရဆီကတော့ ဘာစကားမှ မပြောဆိုလာသေးပါဘူး။

နိုင်ငံရဲ့ ရေနံ အရင်းအမြစ်တွေကို ထိန်းချုပ်တဲ့ အမျိုးသားရေနံကော်ပိုရေးရှင်း (NOC) ကလည်း အတည်ပြုချက် မပေးပါဘူး။ ဒါပေမဲ့ NOC လက်အောက်ခံ ဝါဟာ ရေနံကုမ္ပဏီကတော့ ထုတ်လုပ်မှုကို ဖြည်းဖြည်းချင်း လျှော့ချဖို့ စီစဉ်ထားကြောင်း ကြေညာခဲ့ပြီး “ဆန္ဒပြမှုတွေနဲ့ ဖိအားတွေ” ကို ကိုးကားပြီး ထုတ်လုပ်မှုကို အပြီးအပြတ် ရပ်ဆိုင်းမယ်လို့ သတိပေးခဲ့ပါတယ်။


ရေနံမြေအများစုဟာ လစ်ဗျားအရှေ့ပိုင်းရှိ လစ်ဗျားအမျိုးသားတပ်မတော် (LNA) ခေါင်းဆောင် ခါလီဖာ ဟက်ဖ်တာရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတာပါ။ ဘန်ဂါဇီအစိုးရကတော့ ရေနံတွင်းတွေကို ဘယ်လောက်ကြာကြာ ပိတ်ထားမယ် ဆိုတာကို မဖော်ပြထားပါဘူး။

အရှေ့ဘက်မှာ ရေနံထုတ်လုပ်မှု ရပ်သွားရင် တရက်လျှင် စည်ပေါင်း ၁၃၀,၀၀၀ ထုတ်လုပ်နိုင်တဲ့ လစ်ဗျားနိုင်ငံ အနောက်တောင်ပိုင်းရှိ Al-Feel ရေနံမြေဟာ နိုင်ငံတွင်း လည်ပတ်နေတဲ့ တစ်ခုတည်းသောလုပ်ငန်း ဖြစ်လာမှာပါ။


ရေနံတင်ပို့တဲ့နိုင်ငံများအဖွဲ့ (OPEC) ရဲ့ ကိုးကားဖော်ပြချက်အရ လစ်ဗျားရဲ့ စုစုပေါင်း ရေနံထုတ်လုပ်မှုက ဇူလိုင်လမှာ တရက်လျှင် စည်ပေါင်း ၁ ဒသမ ၁၈ သန်းလောက် ရောက်ရှိခဲ့ပါတယ်။


Source from DVB News

4 views0 comments

Comments


bottom of page