လျှပ်စစ်မီတာခနှုန်းထား တိုးမြှင့်သတ်မှတ်လိုက်ပြီးတဲ့နောက် ရန်ကုန်မြို့က လျှပ်စစ်နဲ့ လုပ်ကိုင်ရတဲ့ တပိုင်တနိုင်လုပ်ငန်းတချို့ ရပ်နားသွားတယ် အဲဒီလုပ်ငန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
လျှပ်စစ်အားကိုး လည်ပတ်နေရတဲ့ မိထ္တူဆိုင်၊ ပင်မင်း (အဝတ်လျှော်လုပ်ငန်း) စတဲ့တချို့အနေနဲ့ တိုးမြှင့်လိုက်တဲ့ မီတာခနဲ့ဆက်ပြီး လုပ်ကိုင်ဖို့မကိုက်တော့တာကြောင့် ရပ်နားသွားကြတာလို့ ဆိုပါတယ်။
တောင်ဥက္ကလာပမြို့နယ်မှ ပင်မင်းဆိုင်ဖွင့်ထားသူတယောက်က “မီတာခက လုပ်ငန်းသုံးဆို သုံးဆလောက် တက်သွားတာလေ။ ဒီကြားထဲ ဂျိုးဖြူရေကလည်းမမှန်ဘူး။ မီတာခတက်သလို အဝတ်လျှော်ခက အများကြီးတိုးတောင်းလို့မရဘူး။ အဲဒါနဲ့ ရပ်ထားလိုက်တာ၊ တခြားဆိုင်တချို့လည်း နားတယ်ကြားတယ်” လို့ ပြောပါတယ်။
တပိုင်တနိုင်ရေသန့် ထုတ်နေကာ ရောင်းချနေသူတယောက်ကလည်း မီတာခတက်လာတာကြောင့် ကုမ္ပဏီထုတ်ရေသန့်တွေနဲ့ မယှဥ်နိုင်တော့ဘဲ ရပ်ထားရတယ်လို့ ဆိုပါတယ်။
“ဈေးကတော်တော်ထပ်တင်မှ ကိုက်တော့မှာ။ အဲဒီလို တင်ပြန်ရင်လည်း ဈေးကွက်ပျောက်ဖို့က များနေတယ်။"
စစ်ကောင်စီက စက်တင်ဘာ ၁ ရက်ကစပြီး လျှပ်စစ်မီတာခတွေကို အိမ်သုံးအတွက် နှစ်ဆနဲ့ လုပ်ငန်းသုံးအတွက် သုံးဆကျော် တိုးမြှင့်သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။
အာဏာသိမ်းကာလအတွင်း အထွေထွေအကျပ်အတည်းနဲ့ ကုန်စျေးနှုန်း မြင့်တက်မှုတွေ ရှိနေချိန်မှာ လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံတဲ့အပေါ် ဝေဖန်မှုတွေလည်း ထွက်ပေါ်နေပါတယ်။
လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံပေမယ့်လည်း မိုးတွင်းကာလမှာတင် လျှပ်စစ်မီး ပြတ်တောက်မှုတွေက ဆိုးရွားစွာဆက်ရှိနေတယ်လို့ ရန်ကုန်မြို့နေပြည်သူတချို့က ပြောပါတယ်။
Source from DVB NEWS
コメント