ရန်ကုန်၊ ဗဟိုအမျိုးသမီးဆေးရုံကြီး၌ ခိုးယူခံရသည့် ကလေးငယ်ပြန်တွေ့ပါပြီ။ ရန်ကုန်၊ ဗဟိုအမျိုးသမီးဆေးရုံကြီးမှာ ခိုးယူခံလိုက်ရတဲ့ ရက်သားအရွယ် ကလေးငယ်လေးကို ပြန်တွေ့ပြီလို့ မိသားစုဝင်ဆီကနေ သိရပါတယ်။
အောက်တိုဘာ ၃၀ ရက် မနက်အစောပိုင်းမှာ ဆေးရုံကနေ အမျိုးသမီးတယောက်က ခိုးယူသွားခဲ့တာဖြစ်ပြီး ဆွေမျိုးသားချင်းတွေက လူမှုကွန်ရက်မှာတင်လိုက်လို့ လူတွေက စိတ်ဝင်တစားနဲ့ ဝေမျှကူညီခဲ့ကြတာပါ။
အဲဒီကလေးရဲ့ မိသားစုဝင်တယောက်က “လိုင်းပေါ်ကတယောက်ကပဲ သတင်းပေးလာတာ။ အဲဒီမှာ ကလေးတယောက်တွေ့တယ်ပေါ့။ ဒါနဲ့ ရပ်ကွက်လူကြီး၊ ရဲစခန်း၊ ဆရာဝန်ကြီးတွေပေါင်းပြီး စုံစမ်းတော့ ဟုတ်နေတယ်။ မနေ့က သင်္ဃန်းကျွန်းစခန်းမှာ အားလုံးတိုင်ပင်ပြီး ခေါ်ခဲ့တာပါ” လို့ ပြောပါတယ်။
ရက်သားအရွယ်ကလေးငယ်လေးဟာ ကျန်းမာရေးမကောင်းသူဖြစ်လို့ ဆရာဝန်ကြီးရဲ့ကားနဲ့ပဲ ဆေးရုံကိုပြန်ခေါ်လာပြီး လက်ရှိမှာ ဗဟိုအမျိုးသမီးဆေးရုံကြီးရဲ့ ကလေးအထူးကြပ်မတ် ကုသဆောင်မှာ ကုသနေတယ်လို့လည်း သူက ပြောပါတယ်။
တွာဟေရဟ်လို့အမည်ပေးထားတဲ့ အဲဒီကလေးငယ်ကို အောက်တိုဘာ ၂၂ ရက်မှာ မွေးပြီး အင်ဇိုင်းချို့တဲ့တာ၊ အသားဝါတာကြောင့် မိခင်နဲ့ အမြဲအတူမနေရဘဲ မီးပြနေရပြီး အောက်တိုဘာ ၃၀ ရက် မနက် ၄ နာရီလောက်မှာ အမျိုးသမီးတယောက်က ခိုးယူသွားခဲ့တာဖြစ်ပါတယ်။
အဲဒီနောက် ဆွေမျိုးသားချင်းတွေက လူမှုကွန်ရက်မှာတင်လိုက်ပြီးနောက်ပိုင်း ပြည်သူတွေက ပြန်တွေ့စေဖို့ ဝေမျှဆုတောင်းခဲ့ကြသလို လိမ်လည်ငွေတောင်းသူနဲ့လည်း ကြုံခဲ့ရပါသေးတယ်။
ကလေးငယ်ကို သင်္ဃန်းကျွန်းမြို့နယ်ထဲက အမျိုးသမီးငယ်တယောက်ဆီကနေ ပြန်ရခဲ့ပြီး အဲဒီအမျိုးသမီးဟာ စိတ်သိပ်မမှန်ဘူးလို့လည်း ကလေးရဲ့ ဆွေမျိုးသားချင်းတွေက ပြောပါတယ်။
လက်ရှိမှာတော့ အမှုဖွင့်ထားတဲ့ လမ်းမတော်ရဲစခန်းမှာပဲ အမှုကိုဆက်လက်စစ်ဆေးနေပြီး အခြေအနေအသေးစိတ်ကိုတော့ မသိရသေးပါဘူး။
ကလေးဟာ အငယ်ဆုံးသမီးလေးဖြစ်ပြီး ကူညီပေးတဲ့ပြည်သူတွေ၊ စိတ်ပူဆုတောင်းပေးကြသူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်လို့ ကလေးရဲ့ ဖခင်က ပြောပါတယ်။
Source from DVB BUMESE NEWS
Comments