ရန်ကုန်-ပဲခူး အဝေးပြေးလမ်းမပေါ်မှာ စက်တင်ဘာလ တတိယအပတ်က စတင်ကာ လိုင်းကားနဲ့ ခရီးသွားတွေကို စစ်ကောင်စီဂိတ်တွေက အရင်ထက် စစ်ဆေးမှုတွေ ပြုလုပ်လာပြီး စစ်ဆေးရေး တင်းကျပ်နေတယ်လို့ သိရပါတယ်။
အရင်က ရန်ကုန်အထွက် ပဲခူးအဝင် ဂိတ်တခုနဲ့ ၀ မိုင် ဂိတ်တခုသာ ရှိပေမဲ့ အခု လှည်းကူး i School ကိုယ်ပိုင်အထက်တန်းကျောင်းအနီးမှာ စစ်ဆေးရေးဂိတ်တခု ထပ်တိုးလာပြီး စစ်ဆေးရေး ပိုမိုတင်းကျပ်လာတယ်လို့ ခရီးသွားတယောက်က ပြောပါတယ်။
“ကျနော်က ပဲခူး-ရန်ကုန်ကို တပတ် တခါ ဒါမှမဟုတ်လည်း နှစ်ပတ် တခါ ပြန်နေကျ။ ကျနော် သောကြာနေ့က ပြန်တာတောင် အစစ်မခံရဘူး။ အခု တနင်္လာနေ့မှ စစ်နေတာ။ အရင်ဆို ရန်ကုန်အထွက် ပဲခူးအဝင် ဂိတ်တခုပဲ စစ်တာ။ စစ်တယ်ဆိုပေမဲ့လည်း အဲလောက်ထိ မဟုတ်ဘူး။ ကားပေါ်တက်ကြည့်တယ်။ ကားသမားက ပိုက်ဆံပေးလိုက်ရင် သွားလို့ရပြီ။”
အရင် ၀ မိုင်ဂိတ်မှာ နေပြည်တော်သွားမယ့်ကားတွေကိုသာ စစ်ဆေးပေမဲ့ အခု ပဲခူး-ရန်ကုန် ကားတွေကိုပါ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ပြောပါတယ်။
ဂိတ်တွေမှာ လူငယ်အရွယ်တွေကို အဓိကစစ်ဆေးပြီး ခရီးဆောင်အိတ်တွေအထိပါ အသေးစိတ် စစ်ဆေးတယ်လို့ အစစ်ဆေးခံရသူတယောက်က ပြောပါတယ်။
“အဓိက လူငယ်ပိုင်းတွေကို စစ်တာ။ ကျနော်က လူငယ်လည်းဖြစ်တယ်။ အဝတ်အိတ်လည်း ပါတယ်ဆိုတော့ ခဏခဏ ဇစ်ဖွင့်ခိုင်းလိုက်၊ မှတ်ပုံတင်ပြရလိုက်နဲ့ အဲလိုစစ်တာ။ အဝတ်အိတ်တွေ ဖွင့်တယ်။ ဘာပါလာလဲ ကြည့်တယ်။ သွားတိုက်ဆေးတွေ ဘာတွေတောင် ယူခွင့်မပြုဘူး။ သွားတိုက်ဆေးပါရင် ဂိတ်ထဲကိုခေါ်သွားပြီး စစ်တယ်။ သွားတိုက်ဆေး ဟုတ်လား၊ မဟုတ်လား ဆိုပြီး။”
အရင်က ရန်ကုန်အထွက် ပဲခူးအဝင်ဂိတ်မှာပဲ ဘန်ကာတွေထားရှိပြီး စစ်ဆေးပေမဲ့ လှည်းကူး i School ကျောင်းအနီးက စစ်ဆေးရေးဂိတ်မှာပါ ဘန်ကာတွေ ဆောက်လုပ်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် လိုင်းကားတွေကို X Ray စက်အတွင်းမှာပါ ဖြတ်မောင်းခိုင်းတာတွေရှိနေပြီး ဘာကြောင့် အခုလို စစ်ဆေးမှုတွေ တင်းကျပ်နေလဲ ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။
မွန်ပြည်နယ်ကို လာရောက်ကြမယ့် တခြားဒေသမှတ်ပုံတင် ကိုင်ဆောင်ထားသူတွေကိုလည်း ရန်ကုန်-မော်လမြိုင်နဲ့ မော်လမြိုင်-ရေး ကားလမ်းပိုင်းတလျှောက်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေမှာ အထူးတင်းကျပ် စစ်ဆေးနေတယ်လို့ အိမ်စီးအငှားကားမောင်းနှင်သူတွေဆီက သိရပါတယ်။
မွန်ပြည်နယ်မှာ ၁၀/မှတ်ပုံတင် မဟုတ်တဲ့ ခရီးသည်တွေဆိုရင် စစ်တပ် ထိုင်တဲ့ဂိတ်က တယောက်ကို ငွေကျပ် ၅,၀၀၀ ကနေ ၁၀,၀၀၀ ထိ ပေးဆောင်နေရတယ်လို့ မော်လမြိုင်-ရန်ကုန် ပြေးဆွဲနေတဲ့ အိမ်စီးအငှားကားမောင်းနှင်သူတယောက်က ပြောပါတယ်။
“မွန်ဘက်မှာက မှတ်ပုံတင်က အဓိကဖြစ်နေတာ။ ၁၀/ မဟုတ်တဲ့ တခြားဒေသက ဥပမာ ပဲခူးတို့ ရခိုင်တို့လိုမျိုး ခရီးသည်တွေဆိုရင် ဂိတ်ကိုမဖြတ်ဘဲ လမ်းလွှဲတွေက မောင်းပေးရတာပေါ့။ အဆိုးဆုံးက ဘီးလင်းစစ်ဆေးရေးဂိတ်နဲ့ ကျိုက်ထိုက မရမ်းချောင် စစ်ဆေးရေးဂိတ်ပါ။ ပိုက်ဆံတောင်းတာ ပက်စက်တယ်။”
ဒါ့အပြင် စစ်ဆေးရေးဂိတ်တွေနဲ့ ကားလက်မှတ်အရောင်းဌာနတွေမှာလည်း မွန်မှတ်ပုံတင် မဟုတ်သူတွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ရဲစခန်းထောက်ခံစာ ပြသနိုင်မှသာ လက်မှတ်ရောင်းချပေးနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ရေးမြို့နယ် အစင်ကျေးရွာနေ ဒေသခံတယောက်က “ရေးဘက်မှာဆိုရင် စစ်ဆေးတာတွေက စစ်ကောင်စီရော တော်လှန်ရေးအဖွဲ့ရော နှစ်ဖွဲ့လုံးရှိတယ်။ တော်လှန်ရေးအဖွဲ့တွေ ဘက်ကတော့ အလုပ်အကိုင်လောက်ပဲ စစ်တာ။ စစ်တပ်ဘက်ကဆိုရင် နေရပ်လိပ်စာနဲ့ မှတ်ပုံတင်မှာ ၁၀/ မဟုတ်ရင် ထောက်ခံစာတောင်းတာ။ မပါဘူးဆိုရင် ပိုက်ဆံတောင်းတော့ပဲ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁ ရက်ကစပြီး ခရီးသွားပြည်သူတွေအနေနဲ့ နိုင်ငံသားကတ်(မှတ်ပုံတင်) အသုံးပြုပြီး ခရီးသွားလာကြဖို့ စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးက ထုတ်ပြန်ထားပါတယ်။
စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်အတွင်း စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေအပြင် တော်လှန်ရေးအဖွဲ့တွေ ဦးဆောင်ဖွင့်လှစ်ထားတဲ့ ဂိတ်တချို့လည်း ရှိလာကြောင်း ဒေသခံ ခရီးသွားတွေထံက သိရပါတယ်။
Source from DVB NEWS
Comments