top of page
Writer's pictureShwe Thai

ရေဘေးလှူပြီးပြန်လာသည့်ကား အမြန်လမ်းတွင်တိမ်းမှောက်၊ ယာဉ်မောင်းနှင့် သံဃာ ၇ ပါး ဒဏ်ရာရ

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်အပိုင် ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်မှာ စက်တင်ဘာ ၁၉ ရက် နေ့လယ်က ရေဘေးလှူပြီးပြန်လာတဲ့ ကားတစီး တိမ်းမှောက်ခဲ့မှုကြောင့် သံဃာတော်တွေ အပါအဝင် ၈ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းမီးသတ်စခန်းက သိရပါတယ်။

ရမည်းသင်းဘက်ကနေ ရန်ကုန်ဘက်ကို ရေဘေးလှူပြီး ပြန်လာတဲ့ ကန်တာ အမျိုးအစား အဖြူရောင်မော်တော်ယာဥ်တစီး မနေ့ နေ့လယ် ၁ နာရီခန့်က အမြန်လမ်း မိုင်တိုင်အမှတ် ၁၄၉/၇ ဖာလုံနဲ့ ၁၄၉/၆ ဖာလုံကြားမှာ တိမ်းမှောက်ခဲ့တာလို့ အမြန်လမ်းမီးသတ်စခန်းမှ တပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။


“ရေဘေးလှူပြီးအပြန်မှာ ယာဥ်မောင်း အိပ်ငိုက်သွားတာထင်တယ်။ အရှိန်များပြီး ကားက လမ်းလယ်ကျွန်းပေါ်ကို တက်ပြီး မှောက်သွားတာ။ ဒဏ်ရာရတဲ့ သံဃာတော် ၇ ပါးနဲ့ ယာဥ်မောင်းကိုတော့ တောင်ငူဆေးရုံကြီးကို ပို့ဆောင်ထားပါတယ်။”


မော်တော်ယာဥ်တိမ်းမှောက်မှုကြောင့် ယာဥ်မောင်းဖြစ်သူ အသက် ၃၅ နှစ်အရွယ် ဦးထွန်းထွန်းအောင်မှာ ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာ၊ ညာလက်ဖျံ ပွန်းခြစ်ဒဏ်ရာတို့ ရရှိခဲ့ပြီး မှော်ဘီမြို့၊ ပန်းတပွင့်တောင် ဗုဒ္ဓတက္ကသိုလ်မှ သက်တော် ၂၈ နှစ်အရွယ်မှ ၄၁ နှစ်အရွယ်ရှိ သံဃာတော် ၇ ပါး ဦးခေါင်းပေါက်ပြဲဒဏ်ရာ၊ နဖူး ဖူးယောင်ဒဏ်ရာ၊ တံတောင် ပွန်းခြစ်ဒဏ်ရာ၊ လက်ဖျံပွန်းပဲ့ဒဏ်ရာတို့ ရရှိခဲ့ကြောင်း သိရပါတယ်။


ဒါ့အပြင် ကားရှေ့လေကာမှန်ကွဲတာ၊ အမိုးပိန်ချိုင့်ခဲ့တာတွေကြောင့် ဇီးပင်သာ အမြန်လမ်းရဲစခန်းက ယာဥ်မောင်း ဦးထွန်းထွန်းအောင်ကို ယာဥ်မဆင်မခြင် မောင်းနှင်မှု ပုဒ်မ ၃၃၈၊ ၃၃၇/၂၇၉ တို့နဲ့ အမှုဖွင့်လှစ်ထားကြောင်း အမြန်လမ်း လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။


အလားတူ ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်ကလည်း တံတားဦးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ ‘ဟိန်းစတား’ ခရီးသည်တင် မော်တော်ယာဥ်တစီး တိမ်းမှောက်ခဲ့ပြီး ၃ ယောက် ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။


Source from DVB NEWS

2 views0 comments

Comments


bottom of page