top of page
Writer's pictureShwe Thai

မလေးရှားမှာ တစ်ပတ်အတွင်း မြန်မာ သုံးရာနီးပါး ဖမ်းဆီးခံထားရ

မလေးရှားနိုင်ငံမှာ တစ်ပတ်အတွင်း မြန်မာနိုင်ငံသား သုံးရာနီးပါး ဖမ်းဆီးခံထားရပြီး ဖမ်းဆီးခံရသူတွေက မြန်မာပြည် ပြန်ပို့ခံရမှာ စိုးရိမ်နေတယ်လို့ မလေးရှားရောက် မြန်မာတွေက ပြောပါတယ်။

မလေးရှားနိုင်ငံ၊ ရှားအလမ် (Shah alam) မြို့တစ်နေရာတွင် ရဲတပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့က တွေ့ရစဉ်။


အခုလဆန်းကစပြီး မလေးရှားအာဏာပိုင်တွေက အော်ပရာစီ စစ်ဆင်ရေးအနေနဲ့ နိုင်ငံအတွင်း တရားမဝင်နေထိုင်သူတွေကို နေ့စဉ် စစ်ဆေးဖမ်းဆီးနေတာကြောင့် မြန်မာနိုင်ငံသားတွေ စိုးရိမ်နေကြတယ်လို့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ နေထိုင်နေသူတစ်ဦးက ပြောပါတယ်။


“အော်ပရာစီပြန်စနေတာပေါ့။ အခုဟာက အထူးစီမံချက်နဲ့လေ။ မြန်မာတွေအဖမ်းခံရတာ ဒီရက်ပိုင်းမရှိဘူးဆို နှစ်ရာကနေ သုံးရာကြားရှိတယ်။ ဒါတွေသတင်းမတက်တဲ့ဟာရှိတယ်။ ကြိုကြားဝင်ဖမ်းတာတွေရှိတယ်။ ဖြစ်နိုင်ရင် နိုင်ငံခြားသားထူထပ်တဲ့နေရာတွေ ရှောင်ပေါ့။ နိုင်ငံခြားသား ထူထပ်တဲ့နေရာမှာနေတယ် အထောက်အထားမရှိဘူးဆိုရင် သတိနဲ့နေပေါ့။ များသောအားဖြင့် သူတို့က ပတ်ချာလည်ပိတ်ပြီး ဖမ်းတာများတယ်။ ဘယ်လိုမှ ပြေးမလွတ်ဘူး"


ပြီးခဲ့တဲ့အောက်တိုဘာလ ၅ ရက်နေ့က မလေးရှားနိုင်ငံ ရှားအလမ်နဲ့ ဆရင်ဘန်းမြို့တွေမှာ အာဏာပိုင်တွေ ဝင်ရောက်ဖမ်းဆီးချိန်မှာ မြန်မာနိုင်ငံသား ၈၆ ဦး အပါအဝင် နိုင်ငံခြားသား ခြောက်ရာကျော် ဖမ်းဆီးခံခဲ့ရပါတယ်။ အဲဒီချိန်မှာ ထွက်ပြေးခဲ့တဲ့ မြန်မာအမျိုးသမီးတစ်ဦး ရထားတိုက်ခံရပြီး သေဆုံးခဲ့ပါတယ်။ အောက်တိုဘာလ ၆ ရက်နေ့ကလည်း ပီနန်းပြည်နယ်မှာ မြန်မာ ၄၃ ဦး ဖမ်းဆီးခံလိုက်ရပါတယ်။


အောက်တိုဘာလ ၇ ရက်နေ့ကလည်း ပါဟန်းပြည်နယ်မှာ အထောက်အထားမပြည့်စုံသူ ၆၃ ဦးကိုဖမ်းဆီးရာမှာ အဲဒီထဲမှာ မြန်မာ ၃၄ ဦး ပါဝင်တယ်လို့ မလေးရှားသတင်းတွေက ဖော်ပြကြပါတယ်။ ကျန်တဲ့နေရာတွေက ဖမ်းဆီးခံရတဲ့ အချက်အလက်တွေကိုတော့ အတိအကျမသိရသေးပါဘူး။


ဖမ်းဆီးခံရသူတွေကို လတ်တလော သက်ဆိုင်ရာနယ်မြေအလိုက် ထောင်တွေမှာ ထိန်းသိမ်းထားတယ်လို့လည်း ဆိုပါတယ်။ သူတို့ဟာ မလေးရှား လူဝင်မှုကြီးကြပ်ရေး ဥပဒေတွေနဲ့ အရေးယူခံရမှာဖြစ်ပြီး ပြစ်ဒဏ်ခံရပြီးနောက် မြန်မာနိုင်ငံကိုပြန်လည်ပို့ဆောင်မှာကိုစိုးရိမ်နေကြပါတယ်။


မလေးရှားအာဏာပိုင်တွေက နိုင်ငံခြားသားအများစုရှိတဲ့ နေရာတွေကို အဓိကထားပစ်မှတ်ထား လိုက်လံဖမ်းဆီးနေတာကြောင့် မြန်မာအများစုနေထိုင်ရာ စက်ရုံ၊ အလုပ်ရုံတွေမှာ တရားမဝင်နေထိုင် အလုပ်လုပ်ကိုင်နေတဲ့မြန်မာတွေ သတိထားသွားလာကြဖို့ မလေးရှားရောက်မြန်မာတွေက သတိပေးထားပါတယ်။


အာဏာသိမ်းပြီးနောက် မလေးရှားမှာ မြန်မာနိုင်ငံသားတွေ တရားမဝင် ရွှေ့ပြောင်းနေထိုင်တာ များလာပြီး မလေးရှားနိုင်ငံက UNHCR ရုံးရဲ့ ၂ဝ၂၄ ခုနှစ်၊ သြဂုတ်လကုန်အထိ စာရင်းတွေအရ မလေးရှားနိုင်ငံကတစ်ဆင့် နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားသူ ၁၉၀,၀၀၀ ကျော် ရှိတဲ့အထဲမှာ ၁၇၀,၀၀၀ ခန့်က မြန်မာနိုင်ငံသားတွေ ဖြစ်ပါတယ်။


source from RFA BURMESE

Comments


bottom of page