ဖားကန့်မှာ မြေစာပုံပြိုကျပြီး လူနှစ်ဆယ်ခန့် ပျောက်ဆုံးနေပါတယ်။ ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်ဆီစာရွာက ကျောက်စိမ်းလုပ်ကွက်တစ်ခုမှာ နိုဝင်ဘာလ ၁၁ ရက်နေ့က မြေစာပုံပြိုကျပြီး မြေသယ်ကားမောင်းသူ နှစ်ဦးအပါအဝင် ကျောက်စိမ်း (ရေမဆေးကျောက်) ရှာဖွေသူ လူနှစ်ဆယ်ခန့် ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီရွာမှာရှိတဲ့ “ကြိုင်” ကျောက်မျက်ကုမ္ပဏီရဲ့ လုပ်ကွက်ဟောင်းနေရာမှာ မြေစာတွေစွန့်ပစ်နေချိန် ပြိုကျခဲ့တာကြောင့် မြေစာသယ်ကား နှစ်စီးနဲ့ ရေမဆေးကျောက် ရှာဖွေနေသူ လူနှစ်ဆယ်ခန့် မြေပြိုမှုမှာပါသွားတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။“မြေသယ်ကား နှစ်စီးပါတယ်။ ရေမဆေးသမားတွေ ၂၀ လောက်ပါသွားတယ်လို့ သိရတယ်”
လက်ရှိမှာတော့ မြေပြိုကျမှုကြောင့် ကမ်းပါးအောက်မှာရှိတဲ့ ရေကန်ထဲမှာ ပျောက်ဆုံးနေသူတွေကို ရှာဖွေနေပြီး ပျောက်ဆုံးနေသူတွေရဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးဘူးလို့ သူက ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်လူမှုရေး ဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကတော့ မြေပြိုတဲ့အခြေအနေ အသေးစိတ်ကို မသိရသေးဘူးလို့ ပြောပါတယ်။
၂၀၂၄ ခုနှစ် မတ်လ ၁၃ ရက်နေ့ကကလည်း ဖားကန့်မြို့နယ်၊ အေးမြသာယာအုပ်စု မနရွာ ကျောက်စိမ်းလုပ်ကွက် တစ်ခုမှာ နွံကန်ပြိုကျမှုဖြစ်ပွားခဲ့ပြီး ကုမ္ပဏီဝန်ထမ်းတွေနဲ့ ကျောက်စိမ်းရှာဖွယ်သူ ၂၂ ဦးပျောက်ဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
RFA က ပြုစုထားတဲ့ စာရင်းတွေအရ ၂၀၁၈ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အတွင်း ဖားကန့်မြို့နယ်မှာ မြေပြိုမှု ဆယ်ကြိမ်ထက် မနည်းဖြစ်ခဲ့ပြီး သေဆုံးသူ ခြောက်ရာဝန်းကျင် ရှိခဲ့ပါတယ်။
Source from RFA BURMESE
댓글