ပီရူးတွင် ယာဉ်မောင်းများ ဆန္ဒပြသဖြင့် အသွားအလာ ရပ်တန့်နေပါတယ်။ ပီရူးနိုင်ငံမှာ ရာဇဝတ်မှုတွေ မြင့်တက်လာတာနဲ့ ခြိမ်းခြောက် ငွေညှစ်တာတွေကို ပိုပြီး အရေးယူဆောင်ရွက်ပေးဖို့ တောင်းဆိုကြတဲ့ ဆန္ဒပြပွဲတွေကို အများပြည်သူ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီတွေဟာ အောက်တိုဘာ ၁၀ ရက်မှာ စတင်သပိတ်မှောက်လိုက်တာကြောင့် မြို့တော်လီမာတခွင်ရှိ စာသင်ကျောင်းတွေကို ပိတ်ထားရပြီး လက်နက်ကိုင်တပ်ဖွဲ့တွေက နိုင်ငံသားတွေကို သယ်ယူပေးနေရကာ အစိုးရကလည်း အလုပ်ရှင်တွေကို အဝေးကနေ အလုပ်လုပ်ခွင့်ပြုဖို့ တောင်းဆိုခဲ့ပါတယ်။
ဒါဟာ ၂ ပတ်အတွင်း ဒုတိယအကြိမ်မြောက် သယ်ယူပို့ဆောင်ရေးသပိတ်ဖြစ်ပြီး အခုတကြိမ်မှာ နိုင်ငံတဝန်းရှိ အလုပ်သမားသမဂ္ဂတွေက ၇၂ နာရီကြာ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
ယာဉ်မောင်းတွေရဲ့ သပိတ်ကို ရဲနဲ့ စစ်သား အင်အား ၁၀,၀၀၀ က စောင့်ကြည့်မှာဖြစ်ကြောင်း ဝန်ကြီးချုပ် ဂူစတာဗို အက်ဒရီယံဇန်က ဗုဒ္ဓဟူးနေ့ညမှာ ပြောကြားခဲ့ပါတယ်။
သပိတ်ခေါင်းဆောင်တွေကတော့ လီမာမြို့တော်အလယ်ပိုင်းရှိ ကွန်ဂရက်ကို ချီတက်မယ်လို့ ကြေညာထားပါတယ်။
ဆန္ဒပြပွဲတွေကို ထောက်ခံတဲ့အနေနဲ့ လီမာမြို့တဝိုက်ရှိ ဈေးဝယ်စင်တာတွေနဲ့ ဈေးတွေဟာ တံခါးတွေကို ပိတ်ထားခဲ့ကြပြီး စီးပွားရေးလုပ်ငန်းရှင်တွေက သူတို့ဟာ ရာဇဝတ်ဂိုဏ်းတွေဆီကနေ ခြိမ်းခြောက်ငွေညှစ်မှုတွေကို ကြုံနေရတယ်လို့ ပြောကြပါတယ်။
ဒီပြည်နယ်ဟာ ရာဇဝတ်မှုနှိမ်နင်းရေးတိုက်ပွဲမှာ ကျရှုံးခဲ့တယ်လို့ စီးပွားရေးလုပ်ငန်းတွေက ပြောလာပြီးနောက် စက်တင်ဘာလကုန်မှာ အစိုးရဟာ လီမာမြို့တဝိုက်ရှိ ခရိုင် ၁၄ ခုမှာ အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး မှုခင်းနှိမ်နင်းတိုက်ဖျက်ရေးမှာ ရဲတပ်ဖွဲ့နဲ့အတူ စစ်တပ်ကိုလည်း ပါဝင်ကူညီခွင့် ပြုခဲ့ပါတယ်။
အောက်တိုဘာ ၇ ရက်က လီမာမြို့အနီးရှိ ကာယောက်ပြည်နယ်မှာ ဘတ်စ်ကားငယ်တစီးက ယာဉ်မောင်း အပါအဝင် လူ ၄ ယောက် သေဆုံးခဲ့ပါတယ်။
ဩဂုတ်လနှောင်းပိုင်းမှစပြီး အနည်းဆုံး လူ ၆ ယောက်ဟာ ခြိမ်းခြောက်ငွေညှစ်မှုမှာ သတ်ဖြတ်ခံခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
၂၀၂၃ ခုနှစ်မှာ ရဲတပ်ဖွဲ့က လူ ၂၈၉ ယောက်ကို ငွေညှစ်မှုနဲ့ ဖမ်းဆီးခဲ့ပြီး ၂၀၂၂ ခုနှစ်ထက် ၁၆၅ ရာခိုင်နှုန်း တိုးလာတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။
Source from DVB NEWS
Comments