ယူကရိန်းကျောင်းသားတွေအတွက် အထူးအနေနဲ့ ပညာတော်သင်ဆုအခွင့်အလမ်းတွေ ပိုတိုးလာချိန်မှာစစ်အာဏာသိမ်းခံထားရပြီး ပြည်တွင်းစစ်ပြင်းထန်လာတဲ့ မြန်မာက ကျောင်းသားတွေအတွက် ပညာတော်သင်ဆု ခေါ်ယူမှုတွေကတော့ ပိုတင်းကျပ်ခက်ခဲလာတယ်လို့ ပညာတော်သင်ဆုရ ကျောင်းသားဟောင်းတချို့က ဝေဖန်လာပါတယ်။
အာဏာသိမ်းလိုက်တဲ့နောက် နိုင်ငံတွင်းမှာ အဆင်မြင့်ပညာရေးနဲ့ပတ်သက်လို့ သင်ကြားနိုင်တဲ့အခွင့်အလမ်းတွေနည်းပါးလာချိန်မှာ နိုင်ငံတကာပညာသင်ဆုအတွက် ပံ့ပိုးကူညီတဲ့အဖွဲ့အစည်းတွေအနေနဲ့ မြန်မာကို သီးခြားအနေနဲ့ ထည့်သွင်းစဥ်းစားဖို့ ပြောလာကြပါတယ်။
ကိုဗစ်နဲ့ အာဏာသိမ်းမှုကြောင့် တက္ကသိုလ်ပညာရေးတပိုင်းတစဖြစ်ခဲ့ရတဲ့ ပြည်တွင်းကတက္ကသိုလ်ကျောင်းသားအများစုဟာ ပညာသင်ခွင့်မရတဲ့နှစ်တွေ ကြာလာချိန်မှာ နိုင်ငံခြားတက္ကသိုလ်တွေကို ပညာသင်ဆုနဲ့ သွားဖို့နည်းကို ရွေးကြပါတယ်။
စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကိုအသက်သွင်းခဲ့မှုကလည်း ကျောင်းသားတွေကို နည်းလမ်းမျိုးစုံနဲ့ အပြင်ထွက်ဖို့ ဖိအားဖြစ်စေခဲ့တယ်လို့ ပညာသင်ဆုတွေနဲ့ပတ်သက်ပြီး အကြံပြုတဲ့ ပညာတော်သင်ဆုရ ကျောင်းသားဟောင်းတချို့က မှတ်ချက်ပြုပါတယ်။
''ပြည်တွင်းမှာက လုံခြုံရေးစိုးရိမ်ချက်တွေကြောင့် တက္ကသိုလ်တွေ မဖွင့်နိုင်သလို ဖွင့်တဲ့တက္ကသိုလ်တွေတောင် ပြန်ပိတ်ထားရတယ်။ ရန်ကုန်လို ပညာရေးအခွင့်အလမ်းစုံတဲ့နေရာတွေတောင် ခြောက်ကပ် လာတယ်။ ဒီတော့ ရသမျှ ပညာသင်ဆုတွေကို Try(ကြိုးစား)ပြီး ထွက်ဖို့ ကြိုးစားနေကြတယ်'' လို့ ပညာတော်သင်ဆုရ ကျောင်းသားဟောင်းတစ်ဦးက ပြောပါတယ်။
နိုင်ငံတွင်း တင်းကျပ်ချုပ်ကိုင်မှုများလာတဲ့ စစ်ကောင်စီရဲ့ မူဝါဒတွေကြောင့် ပြည်တွင်းမှာ ပညာသင်ဖို့ခက်ခဲမှုတွေက ပြည်ပပညာသင်ဆု (စကော်လာရှစ်)တွေ လျှောက်ဖို့ လူငယ်တွေကို တွန်းအားပေးနေတာလို့ စကော်လာရှစ်ပရိုဂရမ်တွေနဲ့ပတ်သက်ပြီး အကြံပေးတဲ့ ပုဂ္ဂလိကဘွဲ့လွန်ကျောင်းက ဆရာမတစ်ဦးက သူ့အမြင်ကို ပြောပါတယ်။
ဒါအပြင် ပြီးခဲ့တဲ့ ၃ နှစ်အတွင်း စကော်လာရှစ်ရလို့ ပြည်ပကို ကျောင်းတက်ဖို့ ထွက်ခွာသွားတဲ့သူတွေလည်း ပိုများလာတယ်လို့ သူက ဆက်ပြောပါတယ်။
ဘီဘီစီရဲ့ လေ့လာချက်အရ ဥရောပနိုင်ငံတွေနဲ့ အမေရိကန်မှာ ယူကရိန်းကျောင်းသားတွေကို ပံ့ပိုးပေးတဲ့ ပညာတော်သင်ဆုပရိုဂရမ်တွေ၊ ထောက်ပံ့ကြေးတွေနဲ့ ပညာရေးအစီအစဥ်တွေ အများအပြားကို တွေ့ရပါတယ်။
ထိုင်းနိုင်ငံရဲ့ ITIM ကျောင်းက ကျောင်းသားသစ်ကြိုဆိုပွဲအခမ်းအနား
စကော်လာရှစ်ရပြီး ပြည်ပမှာ ကျောင်းတက်နေတဲ့သူတချို့ကလည်း ပညာသင်ခွင့်ရကြပေမယ့် ကျောင်းလခပဲ သီးသန့်ပေးတဲ့ စကော်လာရှစ်တွေကြောင့် ကုန်ကျစရိတ်မလောက်တဲ့ ပြဿနာတွေနဲ့ ကြုံတွေ့နေရတယ်လို့ ဘီဘီစီကို ပြောလာပါတယ်။
ဒီထဲမှာ မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံက တက္ကသိုလ်တွေမှာ ပညာတော်သင်ဆုတွေနဲ့ ပညာသင်ကြားနေကြသူ အချို့လည်း ကြုံနေရပါတယ်။
ထိုင်းဟာ မြန်မာရဲ့ အိမ်နီးချင်းဖြစ်နေတာ၊ ပညာသင်ကုန်ကျစရိတ်ကွာဟချက် မများတာ၊ ရွေးချယ်ဖို့ ပညာရပ်များတာတွေကြောင့် မြန်မာမှာ စစ်အာဏာသိမ်းပြီးတဲ့နောက် တက္ကသိုလ်ပညာရေး တစ်ပိုင်းတစ်စ ဖြစ်တဲ့ မြန်မာကျောင်းသားလူငယ်တွေ အများဆုံး ရွေးချယ်ကြတဲ့ ပညာရှာရပ်ဝန်းလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ စကော်လာရှစ်က ပညာသင်ကြေး(ကျောင်းလခ)စရိတ်တဝက်ခန့်ကိုပဲ ကာမိတယ်လို့ ထိုင်းနိုင်ငံက ကျောင်းတစ်ကျောင်းမှာ ၅၀ ရာခိုင်နှုန်း စကောလားရှစ်ရပြီး ဟိုတယ်နဲ့ခရီးသွား ပညာရပ်ကို အဓိက လေ့လာနေတဲ့ မြန်မာကျောင်းသူတစ်ဦးက ပြောပါတယ်။
နေထိုင်စားသောက်တဲ့စရိတ်တွေနဲ့ တစ်ကိုယ်ရည်ကုန်ကျတဲ့အထွေထွေစရိတ်တွေကို ကိုယ်ပိုင်ငွေကြေးနဲ့ သုံးစွဲနေရတာကြောင့် ကြာလေအခက်အခဲဖြစ်လေပဲလို့ သူက ဆိုပါတယ်။
“အရင်ကဆိုရင် ကျောင်းက နေဖို့ အဆောင်ပေးတယ်။ အခုမပေးတာ တစ်နှစ်လောက်ရှိပြီ။ မနည်းချွေတာပြီး နေနေရတယ်” လို့ သူက ပြောပါတယ်။
မြန်မာကျပ်ငွေတန်ဖိုးက အာဏာသိမ်းပြီး ၃ နှစ်ကျော်အတွင်းမှာ တဖြည်းဖြည်းကျဆင်းလာနေသလို ထိုင်းငွေ တစ်ဘတ်ပြင်ပပေါက်ဈေးက ကျပ် ၁၆၀ ဝန်းကျင်အထိ ရှိနေတာပါ။
အလားတူ ထိုင်းမှာ ပညာရေးဗီဇာနဲ့ ကျောင်းတက်နေတဲ့နိုင်ငံခြားသား ကျောင်းသားတွေဟာ အချိန်ပိုင်းအလုပ်လုပ်ခွင့်လည်းမရှိတာကြောင့် မြန်မာကမိသားစုက အထွေထွေစရိတ်အတွက် လှမ်းပြီးထောက်ပံ့နေရတာလို့ ဆိုပါတယ်။
နောက်ပြီး ထိုင်းကျောင်းကပေးတဲ့ စကော်လာရှစ် ရာခိုင်နှုန်းအလိုက် (၅၀၊ ၇၀၊ ၁၀၀) အလိုက် ကျောင်းဘက်ကနေ ကျောင်းသားတွေအပေါ် ထိန်းချုပ်မှုတွေလည်းရှိနေတယ်လို့ ၇၀ ရာခိုင်နှုန်း စကော်လာရှစ်ရတဲ့ နောက်ထပ် ထိုင်းရောက်မြန်မာကျောင်းသားတစ်ဦးက ဆိုပါတယ်။
သဘောကတော့ နှစ်အလိုက်ကုန်ကျတဲ့ ကျောင်းလခစုစုပေါင်းကိုမှ ရာခိုင်နှုန်းအချိုးကျနဲ့ ထောက်ပံ့တဲ့ ပညာသင်စရိတ်ဖြစ်ပါတယ်။
ပြင်ပ အချိန်ပိုင်းအလုပ်တော့ လုပ်ခွင့်မရှိပေမယ့် ဘာသာရပ်အလိုက် အလုပ်သင်အနေနဲ့ ၆ လ အလုပ်လုပ်ကိုင်ပြီးမှ ဒီပလိုမာဘွဲ့ပေးတဲ့ကျောင်းတွေလည်း ရှိပါတယ်။
အလုပ်သင်လုပ်တဲ့အခါ ၇၀ ရာခိုင်နှုန်းနဲ့ ၁၀၀ ရာခိုင်နှုန်း စကော်လာရှစ်ရတဲ့ကျောင်းသားတွေအနေနဲ့ အလုပ်ကပေးတဲ့ အလုပ်သင်လစာကို ကျောင်းကသာ အကုန်နီးပါးယူပြီး ကျောင်းဘက်ကနေ ဘတ်ငွေ ၃,၀၀၀ ကနေ ၄,၀၀၀ ဝန်းကျင်သာ ပြန်ပေးတယ်လို့ ကျောင်းသားဘက်က ပြောပါတယ်။
“အလုပ်သင်ကို လစာပေးတဲ့ ထိုင်းဟိုတယ်တွေက ရှားပါတယ်။ ကျွန်တော်တို့လို ၇၀ ရာခိုင်နှုန်း စကော်လာရှစ်တွေက အလုပ်ရှင်နဲ့ တိုက်ရိုက်ပြောဆိုခွင့်မရှိဘူး၊ ကျောင်းနဲ့ပဲ ချိတ်ဆက်ပြီး ပြောကြတာ၊ ကုမ္ပဏီက လစာ ဘယ်လောက်ပေးတယ်ဆိုတာလည်း မသိရဘူး” လို့ဆိုပါတယ်။
နောက်ပြီး ၇၀ ရာခိုင်နှုန်းနဲ့အထက်ရတဲ့ စကော်လာရှစ်ကျောင်းသားတွေ အလုပ်သင်လုပ်တဲ့အချိန်မှာလည်း ကျောင်းဘက်က လစာပေးတဲ့ ကုမ္ပဏီတွေကိုပဲ ဦးစားပေးချိတ်ဆက်ပြီး လုပ်ကိုင်စေတယ်လို့ ရှင်းပြပါတယ်။
၅၀ ရာခိုင်နှုန်းစကော်လာရှစ်ရထားတဲ့ ကျောင်းသားကတော့ “ ၇၀ နဲ့ ၁၀၀ ရတဲ့ သူတွေလို လစာပေးတဲ့ ဟိုတယ်တွေထက် အလုပ်အတွေ့အကြုံကောင်းကောင်းရတဲ့ ဟိုတယ်ကြီးတွေကိုတော့ ချိတ်ဆက်ပေးတယ်” လို့ ပြောပါတယ်။
ချက်သမ္မတနိုင်ငံမှာ စကော်လာရှစ်နဲ့ ကျောင်းတက်နေသူတစ်ဦးကလည်း စကော်လာက စာသင်ကြေးအတွက်ပဲ လုံလောက်တာကြောင့် နေထိုင်စရိတ်အတွက် အချိန်ပိုင်းအလုပ်လုပ်ပြီး ကျောင်းဆက်တက်နေရတယ်လို့ ဆိုပါတယ်။
ချက်သမ္မတနိုင်ငံမှာတော့ ကျောင်းတက်နေတဲ့သူတွေအနေနဲ့ ပြင်ပ အချိန်ပိုင်းအလုပ်တွေ တရားဝင်လုပ်ခွင့်ရှိပါတယ်။
ဒါ့အပြင် စကော်လာရှစ်ရထားပြီးတဲ့သူကလည်း ဘွဲ့ရတဲ့အထိ စကော်လာရှစ်ပေးတာမျိုးမဟုတ်ဘဲ နောက်ထပ်စာသင်နှစ်မှာ စကော်လာရှစ်ထပ်ရဖို့အတွက် ပထမနှစ်တစ်နှစ်ရဲ့ ရမှတ်စုစုပေါင်းအပေါ်မှာ ကျောင်းကသတ်မှတ်ထားတဲ့ အဆင့်မီအောင် ကြိုးစားဖို့လိုတယ်လို့ သူက ရှင်းပြပါတယ်။
ဒါကြောင့် စကော်လာရှစ်ရဖို့အတွက်ကြိုစားရတဲ့အပြင် နေထိုင်စရိတ်တွေအတွက် အချိန်ပိုင်းအလုပ်တစ်ဖက်နဲ့ ဖိအားတွေထဲ ရုန်းကန်ကြိုးစားနေရတယ်လို့ ရင်ဖွင့်ပြောပြပါတယ်။
“စကော်လာက ထောက်ပံ့ကြေးပေးတဲ့ သဘောပါပဲ၊ ကျန်တဲ့စရိတ်တွေအားလုံးက ကိုယ်တိုင်ပဲတာဝန်ယူရတာပါ” လို့ စကော်လာရှစ်ကျောင်းသူတစ်ဦးက ပြောပါတယ်။
“အချိန်ပိုင်းအလုပ်တွေလျှောက်တဲ့အခါမှာလည်း ဘာသာစကားအခက်အခဲရှိတော့ အကန့်အသတ်တွေဖြစ်တယ်” လို့ သူက ဆက်ရှင်းပြပါတယ်။
ဒါကြောင့် ပြည်ပကျောင်းတွေကပေးတဲ့ စကော်လာရှစ်အမျိုးအစားတွေအလိုက် ကျောင်းလခတချို့တဝက်အတွက် သက်သာပေမယ့် နေထိုင်စရိတ်တွေနဲ့ အထွေထွေကုန်ကျစရိတ်ဒဏ်တွေကြောင့် မြန်မာကျောင်းသားတွေဟာ ကျောင်းလခနဲ့ နေထိုင်စရိတ်သက်သာတဲ့ နိုင်ငံတွေကို အားထားပြီး စကော်လာလျှောက်နေကြပါတယ်။
ချီးဗနင်းပညာသင်ဆုရရှိခဲ့တဲ့ ကျောင်းသားဟောင်းတွေ
ကျောင်းလစဥ်ကြေးသီးသန့်ပေးရတဲ့ စကော်လာရှစ်တွေများပေမယ့် ယူကေအစိုးရရဲ့ မြန်မာကျောင်းသားတွေအတွက် သီးသန့်ပေးတဲ့ ချီးဗနင်းပညာသင်ဆုကတော့ ကျောင်းသားတစ်ယောက်အတွက် အပြီးအစီးထောက်ပံ့ပေးတဲ့ဆုဖြစ်ပြီး ဆုရဖို့ ပြိုင်ဆိုင်မှုကလည်း ပြင်းထန်ပါတယ်။
၂၀၀၂၄ ဩဂုတ်မှာ ၂၀၂၅ ပညာသင်နှစ်အတွက် ချီးဗနင်းစကော်လာရှစ်လျှောက်ထားခွင့် ဖွင့်လိုက်တဲ့အကြောင်း ယူကေအစိုးရက ထုတ်ပြန်ထားပါတယ်။
ချီးဗနင်းက ဘွဲ့လွန် (မာစတာ) ကိုသာပေးတဲ့ စကော်လာရှစ်ဖြစ်ပြီး စကော်လာရှစ်က သက်သက် ကျောင်းဝင်ခွင့်က သက်သက်ဖြစ်တာကြောင့် ကျောင်းသားဘက်က ၁ နှစ်အတွင်း မာစတာဘွဲ့ပေးမယ့်ကျောင်းကို လျှောက်ထားဖို့လိုတယ်လို့ မြန်မာမှာရှိတဲ့ ယူကေသံရုံးတာဝန်ရှိသူတစ်ဦးက ရှင်းပြပါတယ်။
ချီးဗနင်းစကော်လာရှစ်ရတဲ့သူဟာ ယူကေနိုင်ငံမှာ တစ်နှစ် ကျောင်းသွားတက်ရမှာဖြစ်ပြီး ကျောင်းလခသာမက အသွားအပြန် လေယာဉ်စရိတ်အပါအဝင် နေထိုင်စရိတ် နဲ့အထွေထွေစရိတ်တွေအားလုံးအတွက် ထောက်ပံ့ပေးမှာဖြစ်တယ်လို့ မြန်မာမှာရှိတဲ့ ယူကေသံရုံးက ချီးဗနင်းပညာသင်ဆုအတွက် တာဝန်ရှိသူတစ်ဦးက ဖြေဆိုပါတယ်။
“ ကျောင်းသားတိုင်းကို ကုန်ကျစရိတ် ၁၀၀ ရာခိုင်နှုန်းအတွက် လုံလောက်တဲ့ ငွေပမာဏတစ်ခုသတ်မှတ်ပြီးပေးတာပါ” လို့ သူက ဆက်ပြောပါတယ်။
၂၀၂၄ ပညာသင်နှစ်အတွက် မြန်မာကျောင်းသား ၁၁ ယောက်ကို ချီးဗနင်းပညာသင်ဆုပေးခဲ့ပြီး လာမယ့် ပညာသင်နှစ် ၂၀၂၅ မှာတော့ ၁၅ ယောက်အထိ တိုးပြီးပေးသွားမယ်လို့ သူက ဆက်ပြီးပြောပါတယ်။
ရန်ကုန်လေဆိပ်မှာ တွေ့ရတဲ့ ထိုင်းလေကြောင်းလိုင်းက လေယာဉ်တစ်စီး
ယူကေအပါအဝင် ပြည်ပနိုင်ငံက ပညာသင်ဆုတွေ လျှောက်ထားပြီး ပညာရေးလမ်းကြောင်းကို ဆက်လျှောက်မယ့်သူတွေအနေနဲ့ နိုင်ငံထဲက ထွက်လို့မရတော့မှာကို ပိုပိုပြီးစိုးရိမ်နေကြတယ်လို့ ဘီဘီစီကို ရင်ဖွင့်ပြောပြကြပါတယ်။
ချက်သမ္မတနိုင်ငံက တက္ကသိုလ်တစ်ခုမှာ စကော်လာရဖို့နဲ့ ပညာရေးဗီဇာရဖို့ ဘန်ကောက် က ချက်သံရုံးမှာ ဗီဇာလာစောင့်တဲ့ မြန်မာကျောင်းသူတစ်ဦးလည်း လေဆိပ်က တာဝန်ရှိသူတွေရဲ့ တင်းတင်းကြပ်ကြပ်စစ်ဆေးတာကို ခံခဲ့ရတယ်လို့ ပြောပြပါတယ်။
“အသွားအပြန်လက်မှတ်တွေနဲ့ ဟိုတယ်ဘွတ်ကင်ယူထားတဲ့အထောက်အထားတွေ အကုန်ပြတာတောင်မှ မေးခွန်းတွေအများကြီးမေးပြီး စစ်တယ်” လို့ သူက ရှင်းပြပါတယ်။
ဒါကြောင့် ဗီဇာရဖို့ စောင့်ဆိုင်းရတဲ့ကာလအတွင်း မြန်မာဘက်မပြန်တော့ဘဲ ဗီဇာရတာနဲ့ ကျောင်းတက်မယ့်ချက်နိုင်ငံဆီ တန်းသွားဖို့ ဆုံးဖြတ်လိုက်ရတယ်လို့ သူက ဆိုပါတယ်။
“ပြန်ဝင်ပြီးရင် လေဆိပ်က ပြန်ထွက်ခွင့်မပေးတော့မှာကြောက်တယ်၊ ထိုင်းမှာ ဗီဇာစောင့်ရတဲ့အချိန်အတွင်း စရိတ်တွေအများကြီးကုန်ကျပေမယ့် စာသင်လို့မရတော့မှာကို ပိုပြီးစိုးရိမ်တယ်” လို့ သူက ဆက်ပြောပါတယ်။
နိုင်ငံထဲက လူငယ်တွေ ပြည်ပထွက်ခွာတဲ့အခါ အလည်အပတ်နိုင်ငံကူးလက်မှတ် (PV) အမျိုးအစားနဲ့ ထွက်ခွာမယ့်သူတွေကို စစ်ကောင်စီက တင်းတင်းကြပ်ကြပ်စစ်ဆေးနေပြီး လေဆိပ်ကနေ ပြန်လွှတ်တာတွေလည်းရှိတယ်လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။
ဒါပေမဲ့ ချီးဗနင်းစကော်လာရှစ်ရလာမယ့်သူတွေအနေနဲ့ နိုင်ငံထဲက ထွက်မရတဲ့အခြေအနေမျိုးနဲ့ ကြုံလာခဲ့ရင်တော့ နိုင်ငံထဲကပေးမထွက်တဲ့ အကြောင်းအရင်းပေါ်လိုက်ပြီး ကူညီဆောင်ရွက်ပေးသွားမယ်လို့ ချီးဗနင်းပညာသင်ဆုအတွက် မြန်မာက တာဝန်ရှိသူတစ်ဦးက ဘီဘီစီကို ဖြေဆိုထားပါတယ်။
“အကြောင်းအရင်းပေါ်တော့ မူတည်တာပေါ့၊ ပြစ်မှုကျူးလွန်ထားတာမျိုးမဟုတ်ဘဲ အကြောင်းမဲ့ ပိတ်ခံရတာမျိုးဆိုရင်တော့ သံရုံးက တာဝန်ရှိသူတွေနဲ့ ချိတ်ဆက်ဆောင်ရွက်သွားမှာပါ” လို့ ဖြေဆိုထားပါတယ်။
မြန်မာကျောင်းသားတွေအတွက် စဥ်းစားပေးစေလိုကြ
ပြည်ပပညာသင်ဆုတွေဟာ အနည်းဆုံးလမ်းကြောင်း ၃ ခုကနေ ကြေညာပါတယ်။
အစိုးရပညာသင်ဆုတွေကိုတော့ သက်ဆိုင်ရာနိုင်ငံအလိုက် ပညာရေးဝန်ကြီးဌာန ဒါမှမဟုတ် သက်ဆိုင်ရာ အစိုးရဌာနတွေကတဆင့်ကြေညာပါတယ်။ အမေရိကန်နဲ့ ယူကေမှာ အစိုးရပညာတော်သင်ဆု တွေရှိပါတယ်။
တက္ကသိုလ်ပညာသင်ဆုကတော့ ကမ္ဘာတဝန်းက ထိပ်တန်းအဆင့် ဒါမှမဟုတ် အဆင့်သတ်မှတ်ချက်ကောင်းတဲ့ တက္ကသိုလ်တွေက နိုင်ငံတကာကျောင်းသားတွေအတွက် ပညာသင်ဆုအစီအစဉ်တွေကို နှစ်စဉ်ပေးပါတယ်။
ဒါအပြင် ပုဂ္ဂလိကပညာသင်ဆုတွေကိုလည်း ပုဂ္ဂလိက အဖွဲ့အစည်းတွေနဲ့ ဖောင်ဒေးရှင်းတွေကတဆင့် ပညာအရည်အချင်း၊ ခေါင်းဆောင်နိုင်မှု အလားအလာ ဒါမှမဟုတ် ငွေကြေးလိုအပ်ချက်ရှိတဲ့နိုင်ငံတွေက ကျောင်းသားတွေကို ရွေးချယ်ပေးအပ်တာရှိပါတယ်။
ပညာတော်သင်ဆုတွေအတွက် Application လျှောက်လွှာ ခေါ် တာကိုအများအားဖြင့် နိုင်ငံအလိုက်သံရုံးတွေ၊ တက္ကသိုလ်တွေနဲ့ ပညာရေးအဖွဲ့အစည်းတွေက ကြေညာပါတယ်။
ကျောင်းသားတွေလျှောက်မယ့် ပညာတော်သင်ဆုအလိုက် ( ဘွဲ့ကြို၊ ဘွဲ့လွန်) သတ်မှတ်ထားတဲ့အထက်တန်းအောင်မြင်ကြောင်းလက်မှတ်၊ ဒါမှမဟုတ် အဲဒီအချက်နဲ့ညီမျှတဲ့ပညာရေးအထောက်အထားလက်မှတ်၊ အမှတ်စာရင်းနဲ့ ထောက်ခံစာ စသဖြင့် ယေဘုယျလိုအပ်ပါတယ်။
ဘွဲ့လွန်ဆိုရင်လည်း ကိုယ် ပထမပြီးထားတဲ့ဘွဲ့တွေကို အင်္ဂလိပ်လို ဒါမှမဟုတ် သက်ဆိုင်ရာဘာသာစကားတွေကို နိုတြီပုံစံပြောင်းပေးရမှာပါ။
ကျန်းမာရေးနဲ့ ပတ်သက်ပြီး ထောက်ခံစာတောင်းတဲ့ ပညာတော်သင်ဆုတွေလည်း ရှိသလို အရေးအကြီးဆုံးအချက်က Language Proficiency Test (ဘာသာစကားပိုင်းဆိုင်ရာ အရည်အသွေး စစ်ဆေးခြင်း) မှာ ကိုယ့်ရဲ့ Level (အဆင့်) ဘယ်အဆင့်အထိ ရောက်ထားလဲ ဆိုတာကို ပြနိုင်တဲ့ မှတ်တမ်းတွေလိုအပ်ပါတယ်။
ဒါပေမဲ့ နေရပ်နိုင်ငံကိုပြန်ရမယ့် ပညာတော်သင်ဆုကိုရသူတွေနဲ့ တက္ကသိုလ်တွေက ပညာတော် သင်ဆုကိုရသူတွေအနေနဲ့ ကျောင်းပြီးချိန်မှာ နိုင်ငံကို မပြန်တဲ့ အခြေအနေတွေ များနေတာကြောင့် ဗီဇာကန့်သတ်တာနဲ့ မြန်မာကျောင်းသားတွေကို ဦးစားပေး မခေါ်တာတွေရှိလာတယ်လို့ ပညာရေးအသိုင်းအဝိုင်းက မှတ်ချက်ပြုကြပါတယ်။
တဖက်မှာလည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ မြန်မာပြည်တွင်းနဲ့ နယ်စပ်ဒေသက လူငယ်တွေအတွက် ချမ်းသာတဲ့နိုင်ငံတွေက ပညာရေး အခွင့်အလမ်းအတွက်ပိုပြီး စဥ်းစားပေးဖို့ နဲ့ ခေါ်ယူနေတဲ့ လိုအပ်ချက်တွေကို လျှော့ပေါ့ စဥ်းစားပေးဖို့ဆိုတဲ့ တိုက်တွန်းချက်တွေလည်းရှိနေပါတယ်။
'' ညီမလျှောက်ထားတဲ့ ချက်သမ္မတနိုင်ငံက တက္ကသိုလ်ဆိုရင် ရုရှားကျောင်းသားတွေကို ကန့်သတ်ထားတယ်။ ယူကရိန်းကျောင်းသားတွေကို အထူးဦးစားပေးအနေနဲ့ ဝက်ဘ်ဆိုက်မှာကို ကြေညာထားတယ်။ မြန်မာကလည်း ပြည်တွင်းစစ်ဆိုပေမဲ့ အာဏာသိမ်းလို့ လူငယ်တွေအခက်အခဲဖြစ်ရတာကိုနိုင်ငံတကာကနားလည်ပေးစေချင်တယ်'' လို့ ချက်နိုင်ငံမှာ ကျောင်းတက်ခွင့်ရဖို့စောင့်နေတဲ့ စကော်လာကျောင်းသူတစ်ဦး ကပြောပါတယ်။
Source from BBC NEWS
Comments