top of page
Writer's pictureShwe Thai

နိုင်ငံအလယ်ပိုင်းနှင့် အောက်ပိုင်းဒေသများ ရေကြီး၊ ဒေသအချို့ ဆိုးဝါးစွာ ရေဘေးကြုံ

တိုင်ဖုန်းမုန်တိုင်း(YAGI)အကြွင်းအကျန် တိမ်တိုက်သက်ရောက်မှုနှင့် လေဖိအားနည်းရပ်ဝန်းကြောင့် မြန်မာနိုင်ငံတွင် မိုးကောင်းနေပြီး အလယ်ပိုင်းနှင့် အောက်ပိုင်းဒေသများ ရေဘေးကြုံတွေ့နေကာ ဒေသအချို့ ဆိုးဝါးစွာ ရေနစ်မြုပ်နေသည်။

ရှမ်းပြည်နယ်တခုလုံး၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ရှိ မြို့နယ်အချို့တွင် ရေကြီးမှုများ ဖြစ်ပေါ်နေခြင်းဖြစ်သည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် မိုးရက်ဆက်ရွာသွန်းမှု၊ မယ်ဆိုင်ချောင်းရေလျှံမှုနှင့် တောင်ကျရေများကြောင့် ယမန်နေ့ (စက်တင်ဘာလ ၁၀ ရက်)တွင် စတင်ရေကြီးခဲ့ပြီး ယနေ့(စက်တင်ဘာ ၁၁ ရက်)တွင် တမြို့လုံးနီးပါး ဆိုးဝါးစွာ ရေနစ်မြုပ်နေပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“ ရေက တမြို့လုံး မြုပ်နေတယ်။ ဝမ်ကောင်းကချင်ရွာ၊ ယာမြေကုန်း ကလွဲရင် ကျန်တဲ့ရပ်ကွက် အကုန်နီးပါးရေဝင်တယ်။ ရပ်ကွက်အနိမ့် ပုန်းထွန်နဲ့တာလော့ကတော့ အဆိုးဆုံးပဲ။ တထပ်အိမ်တွေအကုန်မြုပ်တယ်။ နှစ်ထပ်အိမ်တွေလည်း အောက်ထပ်တွေမြုပ်ကုန်ပါပြီ။ ” ဟု တာချီလိတ်ဒေသခံတဦးက ပြောသည်။

ထိုင်းမြန်မာ နယ်စပ် အမှတ်( ၁ )တံတားတွင်လည်း ရေကျော်နေသည့်အတွက် ယမန်နေ့ မွန်းလွဲပိုင်းမှ စ၍ လက်ရှိအချိန်အထိ ပိတ်ထားဆဲဖြစ်ကြောင်း သိရသည်။

တမြို့လုံးနီးပါး ရေကြီးရေလျှံနေသည့်အတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများလည်း နှောင့်နှေးနေပြီး လိုအပ်ချက်များရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

ထို့အပြင် ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၊ ကျိုင်းတုံမြို့၊ ရှမ်းပြည်နယ်တောင်ပိုင်းရှိ တောင်ကြီးမြို့၊ ညောင်ရွှေမြို့၊ အောင်ပန်းမြို့၊ ဟိုပုံးမြို့၊ ကလောမြို့၊ ဆီဆိုင်မြို့ စသည့်မြို့များတွင် မိုးရွာသွန်းပြီး တောင်ကျချောင်းရေများကြောင့် ရေကြီးမှုများ ဖြစ်ပေါ်နေသည်။

ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တွင်လည်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့် မြို့ နယ် ကိုးခုတွင် မြစ်ချောင်းများရေလျှံနေ၍ ဒေသခံများ ရေဘေးကြုံနေရသည်။

အလားတူ မန္တလေးတိုင်း ၊ နေပြည်တော်၊ ပဲခူးတိုင်းရှိ မြို့နယ်အချို့တွင်လည်း မိုးရွာသွန်းမှုများကြောင့် ရေဘေးကြုံတွေ့နေရသည်။

ထို့အပြင် ယင်းဒေသများရှိ ဆည်တမံများ ရေပြည့်မှတ်ရောက်ရှိတော့မည့်ဖြစ်သည့်အတွက် ဆည်တမံအနီးနေထိုင်သူများ သတိပြုကြရန် ဒေသခံများက လူမှုကွန်ရက်မှတဆင့် မျှဝေမှုများရှိနေသည်။

တောင်တရုတ်ပင်လယ်မှ YAGI တိုင်ဖွန်းမုန်တိုင်း၏ အကြွင်းအကျန်လေပွေလှိုင်း မြန်မာနိုင်ငံသို့ဖြတ်သန်းနေသည့်အတွက် မိုးသည်းထန်စွာရွာသွန်းနေခြင်းဟု မိုးလေဝသအရေးလေ့လာသူဦးဝင်းနိုင်က သတိပေးထားသည်။


စစ်ကောင်စီမိုးဇလဌာန၏ ယနေ့နံနက် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အနောက်မြောက်ပိုင်းဒေသများကို ဖြတ်ကျော်နေသည့် လေပွေလှိုင်းသည် ဆက်လက်ရွေ့လျားကာ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်များကို ဆက်လက်ဖြတ်ကျော်နိုင်ကြောင်း ဖော်ပြသည်။


ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်တို့တွင် စက်တင်ဘာလ ၉ရက်မှစ၍ မနက်ဖြန်(စက်တင်ဘာလ ၁၂ရက်)အထိ မိုးကြီးနိုင်ပြီး ရေဘေးနှင့် မြေပြိုမှုဘေးသတိပြုကြရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM) က စက်တင်ဘာလ ၉ရက်တွင် သတိပေးချက် ထုတ်ပြန်ထားသည်။


Source from MIZZIA NEWS

2 views0 comments

Comentarios


bottom of page