နိုင်ငံတစ်ဝန်းမှာ ရေကြီးရေလျှံမှုကြောင့် လူဦးရေလေးသိန်းနီးပါး (၃၉၃,၀၀၀ ခန့်) ရေးဘေးသင့်ခဲ့ပြီး လူသားချင်းစာနာမှု အကူအညီ လိုအပ်ချက်အခြေအနေတွေကို ပိုပြီးဆိုးရွားစေခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ဩဂုတ်လ ၁၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
လက်နက်ကိုင် ပဋိပက္ခတွေကြောင့်လည်း နေရပ်စွန့်ခွာရမှုတွေ ဆက်ရှိနေပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်းနဲ့ ရခိုင်ပြည်နယ်တို့မှာ အခြေအနေတွေ ဆိုးရွားနေတယ်လို့လည်း ဆိုပါတယ်။
လတ်တလော နေရပ်စွန့်ခွာရသူအများစုဟာ မိုးရာသီမှာ သင့်တော်တဲ့ အမိုးအကာတွေမရှိဘဲ နေထိုင်နေကြရတယ်လို့ UNOCHA က ပြောပါတယ်။
ပြင်းထန်လာနေတဲ့ ပဋိပက္ခ၊ သွားလာခွင့်ကန့်သတ်ချက်တွေ၊ ဖုန်းနဲ့ အင်တာနက် ဆက်သွယ်ရေး လိုင်းမကောင်းတာအပါအဝင် ရန်ပုံငွေလိုအပ်ချက် အခက်အခဲတွေလည်း ကြုံနေရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
နိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေက သုံးသန်းခန့်ရှိနေတယ်လို့လည်း UNOCHA က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ဖြစ်ခဲ့တဲ့ ရေကြီးရေလျှံမှုတွေကြောင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ ပဲခူတိုင်းအရှေ့ခြမ်းနဲ့ ရခိုင်ပြည်နယ်တို့မှာရှိနေတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ တိုက်ပွဲကြောင့်တိမ်းရှောင်ရတာအပြင် ရေဘေးဒဏ်ကိုပါ ကြုံတွေ့ခံစားရရတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
Source from RFA
댓글