top of page
Writer's pictureShwe Thai

ဒီဇင်ဘာလမကုန်ခင် ပန်းရောင်ကတ်လျှောက်ဖို့ ထိုင်းအလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်

ဒီဇင်ဘာလမကုန်ခင် ပန်းရောင်ကတ်လျှောက်ဖို့ ထိုင်းအလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်။

ထိုင်းနိုင်ငံမှာ တရားမ၀င် နေထိုင်နေတဲ့ မြန်မာနိုင်ငံသားတွေအပါအ၀င် နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမား တွေအတွက် တရား၀င်နေထိုင် အလုပ်လုပ်ခွင့်လက်မှတ် ပန်းရောင်ကတ် (ဘတ်) ကို ဒီဇင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံးထားပြီးလုပ်ဖို့ ထိုင်းအလုပ်သမား၀န်ကြီးဌာနက နို၀င်ဘာ ၂၆ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

shwethai.com

အလုပ်သမားစွမ်းအားမြှင့်တင်ဖို့၊ လူကုန်ကူးခံနေရတဲ့ ပြဿနာနဲ့ အလုပ်သမား လိုအပ်ချက်တွေအပြင် တရားမဝင် အလုပ်သမားတွေကို မှတ်ပုံတင်ရေးဆိုင်ရာ စတဲ့ အဆိုပြုချက်တွေကို ဆွေးနွေးညှိနှိုင်းပြီးနောက် ထိုင်းပြည်ထဲရေးဝန်ကြီးက သဘောတူလက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။


ဒါကြောင့် မကြာခင်မှာပဲ အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အမည်စာရင်းတွေကို ထိုင်းအစိုးရက ကောက်ယူလာနိုင်တယ်လို့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။


“သူတို့ကြေညာလိုက်တဲ့အချိန်ကစပြီးတော့ စာရင်းတင်လို့ရပြီ။ သက်ဆိုင်ရာ ထိုင်းအလုပ်သမားရုံး၊ ထိုင်းအလုပ်အကိုင်နေရာချထားရေး ဌာနကိုသွားပြီးတော့ စာရင်းတင်လို့ရပြီ။ သက်ဆိုင်ရာ စာရွက်စာတမ်းကုမ္ပဏီကဖြစ်စေ၊ အလုပ်ရှင်ကဖြစ်စေ ကိုယ့်ရဲ့လုပ်သားအင်အားစာရင်းကို အဲဒီမှာ သွားပြီး စာရင်းတင်လို့ရပြီ။ အခု စာရွက်စာတမ်း အထောက်အထားတွေ လုပ်ရတော့မယ်ဆိုတော့ ပွဲစားအသီးသီးက ပုံစံမျိုးစုံနဲ့ လိမ်လည်တာကို အထူးသတိပြုဖို့ လိုတယ်”


အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် နေထိုင်အလုပ်လုပ်ခွင့်လက်မှတ် ကုန်ကျစရိတ်ဟာ ဘတ်ခြောက်ထောင်ကျော်သာ ရှိပေမဲ့ ပွဲစားကတစ်ဆင့်လုပ်ရင် ဘတ် ၈၅၀၀ ကနေ တစ်သောင်းကြား ကုန်ကျနေတယ်လို့ ဆိုပါတယ်။


ထိုင်းအစိုးရရဲ့ ပန်းရောင်ကတ် လုပ်ပေးမဲ့အစီစဉ်မှာ အကျုံးဝင်သူတွေဟာ ထိုင်းနိုင်ငံမှာ တရားမ၀င် ဝင်ရောက်နေထိုင်သူတွေ၊ အလုပ်လုပ်ခွင့်လက်မှတ်သက်တမ်း ကုန်ဆုံးနေသူတွေ၊ တရား၀င်ရောက်ရှိနေပေမဲ့ အလုပ်လုပ်ခွင့်လက်မှတ် မရှိဘဲ လုပ်ကိုင်နေသူတွေနဲ့ သက်တမ်းကုန်ဆုံးနေသူတွေကိုပါ သက်တမ်းတိုးပေး သွားမှာ ဖြစ်ပါတယ်။


ပန်းရောင်ကတ်လုပ်ဖို့ အမည်စာရင်း (Name List) တင်သွင်းဖို့ကိုတော့ ဒီဇင်ဘာလ ၃၀ ရက် မတိုင်ခင် ထိုင်းအလုပ်သမား ဝန်ကြီးဌာနက ရက်သတ်မှတ် ခွင့်ပြုပေးသွားမယ်လို့ ကနဦး ထုတ်ပြန်ထားပြီး ရက်အတိအကျကိုတော့ မကြေညာသေးပါဘူး။


အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ ပန်းရောင်ကတ် အသစ်လုပ်ဖို့ စိတ်ချရတဲ့ အကျိုးဆောင်တွေနဲ့ တိုင်ပင်သင့်ပြီး ငွေကြိုတင် မလွှဲကြဖို့ နဲ့ ဂရုစိုက် လုပ်ဆောင်ကြဖို့ အလုပ်သမားအရေးကူညီပေးနေသူတွေက သတိပေးတိုက်တွန်းထားပါတယ်။


မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် နိုင်ငံတွေက နိုင်ငံတွေက နိုင်ငံသားတွေဟာ ထိုင်းနိုင်ငံအတွင်းမှာ အထောက်အထားမဲ့အဖြစ် အများဆုံးနေထိုင်နေကြတာလို့ အလုပ်သမားအရေး ကူညီပေးနေသူတွေရဲ့ ကောက်ယူထားတဲ့ အချက်အလက်တွေမှာ တွေ့ရပါတယ်။



10 views0 comments

Commentaires


bottom of page