ထိုင်းမြောက်ပိုင်း ချင်းမိုင်ခရိုင် မြန်မာနယ်စပ် မယ့်အိုင်းမြို့နယ် ဒွိုင်လဲမ်ကျေးရွာမှာ စက်တင်ဘာ ၁၀ ရက် ညနေ ၃ နာရီခွဲလောက်က မြေပြိုမှုဖြစ်ပြီး နေအိမ် ၇ လုံး ပျက်စီးခဲ့သလို ရွာသားတွေလည်း သေဆုံး၊ ပျောက်ဆုံး၊ ဒဏ်ရာရသူတွေ ရှိနေတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ဒွိုင်လဲမ်တွင် မြေပြိုပုံနှင့် သေဆုံးသူ ရှာဖွေနေစဉ်
မယ့်အိုင်းမြို့နယ်ထဲမှာ မနေ့က မိုးသည်းထန်ပြီး တမြို့လုံးနီးပါး ရေလွှမ်းနေတဲ့ကြားက မြို့ပြင် ဒွိုင်လဲမ်ကျေးရွာထဲမှာလည်း ၂ နေရာ မြေပြိုမှုဖြစ်ပွားခဲ့ပြီး ရွာသား ၂ ယောက်သေဆုံး၊ ကျေးရွာအုပ်ချုပ်ရေးမှူး အပါအဝင် ၄ ယောက် ပျောက်ဆုံးကာ ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ Amarin TV ထိုင်းတီဗွီသတင်းမှာ ဖော်ပြပါတယ်။
ပထမတနေရာက ဒွိုင်လဲမ်ကျေးရွာ နယ်မြေ ၁၃ ထဲမှာဖြစ်ပြီး တောင်စောင်းနား တည်ဆောက်ထားတဲ့ အိမ်ပေါ်ကို ရွှံ့ရေနဲ့ မြေစိုင်မြေခဲကြီးတွေ ပြိုကျလာခဲ့တယ်။ ဒွိုင်လဲမ်ရွာသူကြီး နိုင်းထီလယုဒ် (၄၂ နှစ်) ဟာ မြေပြိုတဲ့နေရာကို သွားရောက်စစ်ဆေး ကြည့်ရှုစဉ် နောက်ထပ် မြေပြိုကျပြီး သူကိုယ်တိုင်လည်း ရွှံ့ရေတွေနဲ့အတူ ရေထဲ မျောပါသွားခဲ့တယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက သတင်းထောက်ကို ပြောပါတယ်။
နယ်မြေ ၁၃ ထဲမှာ ကနဦး ပျောက်ဆုံးသူ ၆ ယောက်ရှိပြီး ကယ်ဆယ်ရေးအဖွဲ့ အပါအဝင် အဖွဲ့ပေါင်းစုံနဲ့ ရွာသားတွေ ပေါင်းပြီး ရှာဖွေရာမှာ မနေ့ညအထိ ၂၃ နှစ်ရွယ် အမျိုးသမီး တယောက်ရဲ့ အလောင်းနဲ့ ဒဏ်ရာရ အမျိုးသားတယောက်သာ တွေ့ရှိတယ်၊ ဒဏ်ရာရသူကို ဆေးရုံပို့ထားပြီး တညလုံး ရှာဖွေရေးလုပ်နေတာ ဒီကနေ့မနက်ထိ ပျောက်ဆုံးသူ ၄ ယောက်ကို ရှာမတွေ့သေးပါဘူး။ အဲဒီထဲမှာ ရွာသူကြီးနဲ့ အသက် ၅ လအရွယ် မိန်းကလေး တယောက်၊ ၄ နှစ်အရွယ် ယောကျ်ားလေးတယောက်၊ အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတယောက်တို့ ပါဝင်တယ်လို့ ဆိုပါတယ်။
နောက်ထပ်တနေရာက နယ်မြေ ၂ ဘန့်လိုင်းအိုင်ရွာဘက်သွားတဲ့ လမ်းပေါ်မှာဖြစ်ပြီး တောင်ကျချောင်းရေထဲ မျောပါသူ ၂ ယောက်ရှိကြောင်း၊ လူလတ်ပိုင်း အမျိုးသား ၂ ယောက် ဖြစ်ပြီး တယောက် သေဆုံး၊ တယောက် ဒဏ်ရာရတယ်လို့ ဆိုပါတယ်။
ဒီကနေ့ စက်တင်ဘာ ၁၁ ရက်မှာတော့ ပျောက်ဆုံးနေတဲ့ ၄ နှစ်သားကို အလောင်းအနေနဲ့ ပြန်တွေ့ပြီး မယ့်အိုင်းမြို့မဈေးကြီးထဲမှာ အမှိုက်သရိုက်တွေနဲ့အတူ မျောပါနေတဲ့ လသားအရွယ် ကလေးတယောက် အလောင်းကို တွေ့တယ်၊ နယ်မြေ ၁၃ ထဲက ပျောက်ဆုံးနေတဲ့ကလေး ဟုတ်မဟုတ်ကို စစ်ဆေးနေဆဲပဲလို့ ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။
အဆိုပါကျေးရွာမှာ မြေပြိမှုနဲ့ တောင်ကျချောင်းရေတွေကြောင့် ရွာလမ်းတွေလည်း သွားလာလို့ မရတဲ့အပြင် လျှပ်စစ်မီးပြတ်တောက်တာ၊ ရေမလာတာ၊ ဖုန်းလိုင်း ပြတ်တောက်တာတွေ ဖြစ်နေပြီး ရွာသားပေါင်း ၂,၀၀၀ ကျော် သဘာဝဘေးဒဏ် ခံနေရတယ်လို့ မယ့်အိုင်းမြို့နယ် မြူနီစီပါယ်ဌာနက ထုတ်ပြန်ထားပါတယ်။
Source from DVB NEWS
Comments