ထိုင်းဝန်ကြီးချုပ်ဟောင်း ဘီလျံနာသူဌေးကြီး သက်ဆင်ရှင်နာဝပ်ရဲ့ အငယ်ဆုံးသမီးဖြစ်တဲ့ ပေထုန်တန် ရှင်နာဝပ်ဟာ ထိုင်းလွှတ်တော်တွင်းက ဝန်ကြီးချုပ်ပြန်လည်ရွေးချယ်မဲပေးပွဲမှာ မဲအရေအတွက် ၃၁၉ မဲ နဲ့ မဲအများဆုံးရပြီး ထိုင်းနိုင်ငံရဲ့ ဒုတိယမြောက်အမျိုးသမီးဝန်ကြီးချုပ်ဖြစ်လာပါတယ်။
အသက် ၃၇ နှစ်ရှိတဲ့ သူဟာ အဒေါ်ဖြစ်သူ ယင်လပ်ရဲ့ နောက်မှာ နိုင်ငံရဲ့ အသက်အငယ်ဆုံး ၀န်ကြီးချုပ်ဖြစ်လာသလို အာရှရဲ့ အသက်အငယ်ဆုံး ဝန်ကြီးချုပ်လည်းဖြစ်ပါတယ်။
ထိုင်းနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက၀န်ကြီးချုပ်ဟောင်း ဆေထာထဝီဆင်ကို ဝန်ကြီးချုပ်အဖြစ်ဖယ်ရှားတယ်လို့ ဆုံးဖြတ်ပြီး နှစ်ရက်အကြာမှာ ဖုအာထိုင်းပါတီရဲ့ ခေါင်းဆောင် ပေထုန်တန်ကို ဝန်ကြီးချုပ်အဖြစ်ရွေးချယ်မှု ဖြစ်လာခဲ့တာပါ။
ဒီဖြစ်စဥ်နောက်မှာ "ပါတီနဲ့ တိုင်းပြည်အတွက်တစ်ခုခုလုပ်ဖို့အချိန်ရောက်ပြီ" လို့ သူကဆုံးဖြတ်ခဲ့တာလို့ အစောပိုင်းသတင်းတွေမှာ ပြောထားပါတယ်။
တရားသူကြီးကို လာဘ်ထိုးဖို့ ကြိုးပမ်းမှုနဲ့ ထောင်ဒဏ်ချမှတ်ခံခဲ့ရတဲ့ ဖိချစ်ချွန်းဘန်းကို သူ့ပါတီက တင်မြှောက်ခဲ့တဲ့ ထိုင်းဝန်ကြီးချုပ် ဆေထာထဝီဆင်က အစိုးရအဖွဲ့မှာ တာဝန်ပေးခဲ့တာဟာ ကျင့်ဝတ်ဖောက်ဖျက်ရာရောက်တယ်ဆိုပြီး တရားရုံးက ဝန်ကြီးချုပ်ရာထူးကနေဖယ်ရှားခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ သူတို့ နှစ်ဦးစလုံးဟာ ၂၀၂၃ ရွေးကောက်ပွဲမှာ ဒုတိယမဲအများဆုံးရခဲ့တဲ့ ဖုအာထိုင်းပါတီက ဖြစ်ပါတယ်။
မစ္စပေထုန်တန်ဟာ ထိုင်းနိုင်ငံရဲ့ ရပ်တန့် နှေးကွေးနေတဲ့ စီးပွားရေးကို ပြန်အားကောင်းလုပ်ဖို့ဆိုတဲ့ ခက်ခဲတဲ့တာဝန်နဲ့ ရင်ဆိုင်ရမှာဖြစ်သလို အရင်က သူ့တို့ပါတီ ရဲ့ အစိုးရလေးခုကို ဖယ်ရှားခဲ့တဲ့ တရားရုံးရဲ့ ကြားဝင်ဆောင်ရွက်မှုတွေလိုဖြစ်စဥ်တွေနဲ့ စစ်တပ်အာဏာသိမ်းတာမျိုးတွေကို ရှောင်ရှားနိုင်ဖို့ကလည်း သူ့အတွက်စိန်ခေါ်ချက်ဖြစ်ပါတယ်။
သူဟာ ထိုင်းမှာ လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုအတွင်း ဝန်ကြီးချုပ်ဖြစ်လာတဲ့ ရှင်နာဝပ်မျိုးနွယ်ရဲ့ စတုတ္ထမြောက် အစိုးရဦးဆောင်သူဖြစ်လာပါတယ်။
သူ့ရဲ့ ဖခင် သက်ဆင်ရှင်နာဝပ်၊ အဒေါ်ဖြစ်သူ ယင်လပ်တို့ အပါအဝင် သုံးဦးကို စစ်တပ်က အာဏာသိမ်းမှု ဒါမှမဟုတ် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးက စီရင်ချက်တွေနဲ့ ဖယ်ရှားခဲ့တာပါ။ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရပြီးနောက် မစ္စပေထုန်တန်က ဝန်ကြီးချုပ်ဟောင်း ဆေထာထဝီဆင်ရဲ့ လုပ်ဆောင်ချက်တွေကို သဘောကျခဲ့ပြီး ဆေထာထဝီဆင် ထုတ်ပယ်ခံရတဲ့အတွက် ဝမ်းနည်းကြောင်းလည်းဖွေထိုင်းပါတီမှာလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ထိုင်းနိုင်ငံက ထိပ်တန်းကျောင်းတွေနဲ့ ယူကေ တက္ကသိုလ်တွေမှာ ပညာသင်ကြားခဲ့တဲ့ ပေထုန်တန်ဟာ ရှင်နာဝပ် မိသားစုပိုင် Rende ဟိုတယ် မှာ နှစ်အနည်းငယ်ကြာ အလုပ်လုပ်ခဲ့ပါတယ်။ ခင်ပွန်းသည်က လက်ထောက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာလုပ်ငန်းစုမှာ အရာရှိချုပ်ဖြစ်ပါတယ်။
ပေထုန်တန်ဟာ ၂၀၂၁ ခုနှစ်မှာ ဖုအာထိုင်းပါတီကို ဝင်ရောက်ခဲ့ပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာမှာ ပါတီခေါင်းဆောင်အဖြစ်ခန့်အပ်ခံခဲ့ရပါတယ်။
မစ္စပေထုန်တန်ကို ဝန်ကြီးချုပ် ခန့်အပ်မှုဟာ ထိုင်းနိုင်ငံရဲ့ ထိပ်တန်းခေါင်းဆောင်တွေအတွက် ခွန်အားသစ်ဖြစ်စေပြီး ပါတီရဲ့ နိုင်ငံရေးကံကြမ္မာကို ပြန်လည်ရှင်သန်လာအောင် ကူညီပေးနိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။
ဝန်ကြီးချုပ်ဖြစ်ပြီးချိန်မှာ ပေထုန်တန်က “လူထုကို ယုံကြည်မှုတွေပေးနိုင်ဖို့ မျှော်လင့်ပါတယ်။ အခွင့်အလမ်းတွေနဲ့ အခွင့်အရေးကတဆင့် ပိုကောင်းတဲ့ ဘဝတွေကိုတည်ဆောက်နိုင်ဖို့နဲ့ ထိုင်းလူမျိုးအားလုံးကို ခွန်အားတွေပေးနိုင်မယ်လို့ ယုံကြည်ပါတယ် ” လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
စကားပြောနေချိန်မှာ သူ စိတ်လှုပ်ရှားနေပြီး လက်တွေလည်း တုန်နေပါတယ်။
"ကျွန်မက အကောင်းဆုံးမဟုတ်သလို အထူးချွန်ဆုံးလည်းမဟုတ်ပါဘူး'' လို့ သူ့ကိုယ်သူ မှတ်ချက်ပေးပါတယ်။
"ဒါပေမယ့် ကျွန်မမှာ ခိုင်မာတဲ့ စိတ်ဆန္ဒရှိပြီး ထောက်ခံအားပေးတဲ့ အဖွဲ့သားတွေ၊ ပါတီဝင်တွေရှိပါတယ်။ သူတို့ရဲ့ ကောင်းမွန်တဲ့အတွေ့အကြုံတွေနဲ့ အကြံဥာဏ်တွေကိုလည်း ပေးပါတယ်။ အဲဒါကို ကျွန်မ အရမ်းတန်ဖိုးထားပါတယ်” လို့ ပေထုန်တန်က ပြောပါတယ်။
သူ့ရဲ့ ဖခင်သက်ဆင်ရှင်နာဝပ်ရဲ့ အားပေးမှုအကြောင်းလည်း သူက သတင်းထောက်တွေနဲ့ တွေ့ချိန်မှာ ထုတ်ပြောပါတယ်။
“အကောင်းဆုံးလုပ်ပါ” လို့ အဖေက ကျွန်မကို တိုက်တွန်းပါတယ်။
''သူ အသက်ကြီးမှ ကျွန်မက ဒီလိုတာဝန်ယူပြီးလုပ်ခွင့်ရတဲ့အပေါ်မှာလည်း သူ တော်တော်ဝမ်းသာနေပါတယ်'' လို့ မစ္စပေထုန်တန်က ပြောပါတယ်။
ဒါပေမဲ့ သူ့ရဲ့ တခြားမိသားစုဝင်တွေ အထူးသဖြင့် ဖုအာထိုင်းပါတီမှာ သြဇာကြီးမားတဲ့ သူ့မိခင် Potjaman ကတော့ ပေထုန်တန်ကို ဝန်ကြီးချုပ်တာဝန် မယူစေချင်ခဲ့ပါဘူး။
သူ့ခင်ပွန်း သက်ဆင်နဲ့ ယောင်းမဖြစ်သူ ယင်လပ်တို့ကြုံခဲ့ရတဲ့ အခြေအနေတွေဖြစ်လာခဲ့ရင် ပေထုန်တန် ခံနိုင်ရည်မရှိမှာကို မိခင်ကစိုးရိမ်စိတ်ရှိနေတာပါ။ မစ္စတာ သက်ဆင်ဟာ ၂၀၀၁ ခုနှစ်တုန်းက ထိုင်းနိုင်ငံရဲ့ ၀န်ကြီးချုပ်ဖြစ်လာခဲ့ပြီး ဒုတိယအကြိမ် သူ့ အစိုးရသက်တမ်း ၂၀၀၆ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက် သူ့ရဲ့ ဒုတိယဝန်ကြီးချုပ်သက်တမ်း အပြီးသတ်ခဲ့ရပါတယ်။
သူ့ကိုပုဒ်မမျိုးစုံနဲ့ တရားစွဲခဲ့တာကြောင့် ၁၅ နှစ်ကြာ ပြည်ပကို ထွက်ပြေးနေရတဲ့ ဘဝနဲ့နေခဲ့ပြီး ၂၀၂၃ ခုနှစ် သူ့ သမီးရဲ့ ဖုအာထိုင်း ပါတီက နိုင်ငံအာဏာကို မယူခင် နာရီပိုင်းအလိုမှာ သူပြန်လာခွင့်ရခဲ့ပါတယ်။
ဖုအာထိုင်းပါတီနဲ့ စစ်တပ်ကျောထောက်နောက်ခံပြု သူ့ရန်သူဟောင်းပါတီတွေကြား မဟာမိတ်ပြုပြီးနောက်မှာ ထိုင်းနိုင်ငံကို ပြန်ဝင်ခွင့်ရခဲ့တာကြောင့် မစ္စတာ သက်ဆင်ရဲ့ အိမ်အပြန်ခရီးဟာ တိုက်ဆိုင်မှု သက်သက် မဟုတ်ဘူးလို့ အဲဒီအချိန်က အကဲခတ်တွေက မှတ်ချက်ပြုခဲ့ပြီး အပေးအယူအိမ်ပြန်ခရီးလို့ ဖော်ပြကြပါတယ်။
ဒါပေမဲ့ သူ ပြည်ပမှာတိမ်းရှောင်နေချိန်က ဘုရင်စနစ်ကို စော်ကားပြောဆိုခဲ့မှုနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇွန်လ က တရားစွဲဆိုခံရတာလည်း ရှိနေပါတယ်။ ဒါက ထင်ရှားတဲ့ထိုင်းနိုင်ငံရေးသမားတစ်ဦး အမြင့်ဆုံး ပုဒ်မနဲ့တရားစွဲခံရတာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် တချိန်တည်းမှာ ဝန်ကြီးချုပ် ဆေထာထဝီဆင်ကို အခြေခံဥပဒေခုံရုံးကဖြုတ်ချခဲ့တာဟာ မစ္စတာသက်ဆင်ရဲ့ လက်ရှိအစိုးရအပေါ် လွှမ်းမိုးမှုတွေကို တွန့်ဆုတ်စေဖို့ သတိပေးချက်ဖြစ်တယ်လို့ အကဲခတ်တွေက ရှုမြင်ထားကြတာပါ။
မစ္စတာသက်ဆင် ရဲ့ ညီမဖြစ်သူ မစ္စယင်လပ်ဟာ ၂၀၁၁ ခုနှစ် ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့်လည်း စစ်တပ်အာဏာသိမ်းမှုနဲ့ သူ့ အစိုးရကို ဖြုတ်ချခဲ့သလို သူ့ကိုလည်း အဂတိအမှုတွေနဲ့တရားစွဲဆိုခဲ့တာကြောင့် ပြည်ပမှာတိမ်းရှောင်နေထိုင်နေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ရွေးကောက်ပွဲကာလက ဘီဘီစီနဲ့ ပေထုန်တန် တို့ရဲ့ သီးသန့်မေးမြန်းမှုမှာတော့ အာဏာသိမ်းတာထက် ပိုကောင်းတဲ့နိုင်ငံရေးနည်းနဲ့ အဖြေရှာတာကို လူထုကလိုချင်နေပြီလို့ ပြောခဲ့ဖူးပါတယ်။ ''ထိုင်းပြည်သူတွေက ၈ နှစ်လောက် ကြာပြီးနောက်မှာ တိုင်းပြည်အတွက် အာဏာသိမ်းတာထက် ပိုကောင်းတဲ့ နိုင်ငံရေးနည်းနဲ့ အဖြေရှာတာကိုပဲ လိုချင်ကြတယ်၊ သူတို့ ဘဝတွေ ပိုတိုးတက်စေမယ့် မူဝါဒမျိုးတွေကိုသာလိုချင်ကြတယ်။''
၂၀၂၃ ထိုင်းရွေးကောက်ပွဲမှာမဲအများဆုံးရတဲ့ Move Forward- ရှေ့သိုချီပါတီ ကို စစ်တပ်က ခန့်အပ်ထားတဲ့ အထက်လွှတ်တော် က အစိုးရ အဖွဲ့ ဖွဲ့စည်းခွင့်ကို တားမြစ်ခဲ့ပြီးနောက် ဖုအာထိုင်းပါတီ ဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့က ဝန်ကြီးချုပ်အဖြစ် တာဝန်ယူပြီးအစိုးရအဖွဲ့ ဖွဲ့စည်းခွင့်ရလာတာ ဖြစ်ပါတယ်။
အဲဒီနောက် ၂၀၂၄ သြဂုတ်လ အစောပိုင်းမှာပဲ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးက Move Forward ပါတီကို ဖျက်သိမ်းခဲ့ပြီး ခေါင်းဆောင် ၁၁ ဦးကို နိုင်ငံရေးအရ ဆယ်စုနှစ်တစ်ခုကြာ ပိတ်ပင်ကြောင်း အမိန့်ချထားပါတယ်။
မဲအနိုင်ရ အတိုက်အခံ Move Forward ပါတီဟာ ဖျက်သိမ်းခံရပြီးနောက် လူထုပါတီ Prachachon အဖြစ် အမည်ပြောင်း ဖွဲ့စည်းပြီး ပါတီခေါင်းဆောင်လည်း အပြောင်းအလဲ လုပ်ခဲ့ပါတယ်။
ဒါ့အပြင် ဒုတိယမဲအများဆုံးအနိုင်ရ ဖုအာထိုင်းပါတီရဲ့ ဝန်ကြီးချုပ် မစ္စတာ ထဝီဆင်လည်း ဖြုတ်ချခံလိုက်ရတာ ဖြစ်ပါတယ်။
ဒီလို အခြေခံဥပဒေ တရားရုံးနဲ့ စစ်တပ်ကျောထောက်နောက်ခံပြုပါတီတွေရဲ့ လုပ်ဆောင်ချက်တွေကြား ထိုင်းနိုင်ငံရေးရေချိန်မတည်မငြိမ်ဖြစ်နေချိန်မှာ ပေထုန်တန်ရှင်နာဝပ်ဝန်ကြီးချုပ်ဖြစ်လာလို့ သူ့မှာ စိန်ခေါ် ချက်အများအပြားရှိနေတယ်လို့ လည်း မှတ်ချက်ပြုထားကြပါတယ်။ Source from BBC News
Comments