အမေရိကန်နိုင်ငံက အမျိုးသားလုံခြုံရေးဆိုင်ရာ အန္တရာယ်နဲ့ ပတ်သက်ပြီး တရုတ်နဲ့ ရုရှားထုတ် ယာဉ်တွေရဲ့ ဆက်စပ်ပစ္စည်းတွေ အပါအဝင် ဆော့ဖ်ဝဲတွေကိုပါ ပိတ်ပင်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။
ဒါဟာ အမေရိကန်လမ်းတွေပေါ်ရှိ ကားတွေကို အဝေးကနေ ခြယ်လှယ်နိုင်မယ့်အပေါ် စိုးရိမ်တာကြောင့် ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
အင်တာနက်လိုမျိုး တခြားကွန်ရက်တွေနဲ့ ချိတ်ဆက်မှု အပါအဝင် အလိုအလျောက် မောင်းနှင်ရာမှာ အသုံးပြုတဲ့ နည်းပညာတွေကို တာဝန်ရှိသူတွေက မေးခွန်းထုတ်နေကြတာ ဖြစ်ပါတယ်။
အခုလိုမျိုး ရုရှားနဲ့ တရုတ်ရဲ့ ဆော့ဖ်ဝဲတွေက အမေရိကန်ကားတွေမှာ အသုံးပြုမှု နည်းပါးပေမဲ့လည်း ဒီနှစ်နိုင်ငံထုတ် ကားတွေ၊ ကုန်တင်ယာဉ်တွေနဲ့ ဘတ်စ်ကားတွေရဲ့ ဟာ့ဒ်ဝဲ ဒါမှမဟုတ် ဆော့ဖ်ဝဲတချို့ကို တားမြစ်ဖို့ ပြင်ဆင်နေခဲ့တာ ဖြစ်ပါတယ်။
အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဂျီနာ ရေမွန်ဒို ကတော့ အဲဒီအစီအစဉ်ဟာ တိုင်းပြည်ကိုကာကွယ်ဖို့ ရည်ရွယ်ထားတဲ့ ကြိုတင်လက်ဦးမှု ဖြစ်တယ်ဆိုပြီး မှတ်ချက်ပေးပါတယ်။
ဒီကနေ့ခေတ် ကားတွေရဲ့ ကင်မရာတွေ၊ မိုက်ခရိုဖုန်းတွေ၊ GPS မြေပုံလမ်းကြောင်းတွေနဲ့ တခြားနည်းပညာတွေဟာ အင်တာနက်နဲ့ ချိတ်ဆက်ရတဲ့အတွက် အန္တရာယ်ရှိတယ်လို့လည်း ဆိုပါတယ်။
တရုတ်နိုင်ငံကတော့ မိမိတို့လုပ်ငန်းတွေအပေါ် အမေရိကန်ဟာ တရားမမျှတစွာ ပစ်မှတ်ထားပြီး အမျိုးသားလုံခြုံရေး သဘောထားအတိုင်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတယ်လို့ တုံ့ပြန်ထားပါတယ်။
ဒါ့အပြင် ကားကုမ္ပဏီကြီးတွေပါဝင်တဲ့ AAI မဟာမိတ်အဖွဲ့ရဲ့ ဥက္ကဋ္ဌဖြစ်သူ ဂျွန် ဘဇယ်လာ ကလည်း “ကမ္ဘာ့အရှုပ်ထွေးဆုံးသော ကုန်စည်နဲ့ ဝန်ဆောင်မှုလမ်းကြောင်းကို ခလုတ်လေး တချက်နှိပ်ရုံနဲ့ နေ့ချင်းညချင်း ပြောင်းလဲလို့မရဘူး” ဆိုပြီး ပြောဆိုခဲ့ပါတယ်။
ဒီတားမြစ်ရေး အဆိုပြုချက်က သဘောထားမှတ်ချက်ပေးရမယ့် အဆင့်မှာသာ ရှိနေသေးပြီး ၂၀၂၇ ထုတ် ဆော့ဖ်ဝဲနဲ့ ၂၀၃၀ ထုတ် ဟာ့ဒ်ဝဲကို စတင်တားဆီးမယ်လို့ ဖော်ပြထားပါတယ်။
ဒါမှသာ အမေရိကန်ရဲ့ ထောက်ပံ့ရေးကွင်းဆက် ပြတ်မသွားဘဲ အစားထိုးတည်ဆောက်ဖို့ အချိန်ပိုရမှာ ဖြစ်ပါတယ်။
မကြာသေးခင်ကလည်း တရုတ် လျှပ်စစ်ကားတွေနဲ့ ကားတွေအတွက် ဘက်ထရီ အပါအဝင် တခြားဆက်စပ်ပစ္စည်းတွေကိုပါ သွင်းကုန်ခွန် တိုးကောက်ခဲ့ပါသေးတယ်။
အဲဒီနောက် အမေရိကန်က ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အန္တရာယ်နဲ့ ဆက်စပ်ပြီး ကုန်တင်ကရိန်းတွေ တင်သွင်းမှုကိုပါ ပိတ်ပင်ထားပါတယ်။
Source from DVB NEWS
Comentarios