မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ်တွင်ရှိသည့် စမုံဆည် ကျိုးပေါက်ခဲ့သည့်အတွက် စမုံမြစ်ကမ်းနံဘေးမှာရှိသည့် ကျောက်ဆည်မြို့နယ်နှင့် မြစ်သားမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ရေများဝင်ရောက်နေပြီး ပြည်သူများပိတ်မိနေသောကြောင့် ကူညီကယ်ဆယ်ရေးများ ဆောင်ရွက်ပေးရန်လိုအပ်နေကြောင်း ဒေသခံများက ပြောသည်။
ယမန်နေ့ (စက်တင်ဘာလ ၁၂ ရက်) ညပိုင်းမှ စတင်ပြီး ကျေးရွာများအတွင်းသို့ ရေများဝင်ရောက်လာခြင်းကြောင့် ဒေသခံပြည်သူများ ရှောင်တိမ်းချိန်မရလိုက်ဘဲ ပိတ်မိနေခြင်းဖြစ်ကြောင်း သိရသည်။
မြစ်သားမြို့နယ်ထဲက ကျေးရွာများဖြစ်သည့် ပုဏ္ဏား ၊ ကျောက်ဆောက် ၊ ကင်းစိန်ဈေးအနောက် ၊ အရှေ့ဒါးရဲကောင်းကျေးရွာ ၊ မိုင်းဟင် ၊ရန်အေး၊ ရွာမုန်းကြီး၊ ပေါက်မြိုင် ၊ တမာပင် စသည့်ကျေးရွာများတွင် ရေနစ်မြုပ်မှုများ ဖြစ်ပေါ်နေပြီး ပြည်သူများ ပိတ်မိနေခြင်း ဖြစ်သည်။
အလားတူ ကျောက်ဆည်မြို့ အနောက်ခြမ်း စမုံမြစ်နံဘေးရှိကျေးရွာများ အားလုံးနီးပါး ရေနစ်မြုပ်နေပြီး ကူညီကယ်ဆယ်ရေးများ လိုအပ်နေကြောင်း ဒေသခံများက ပြောသည်။
“ကယ်ဆယ်ရေးတွေ တော့ လာနေပြီလို့ ပြောတယ်၊ အခုထိတော့မရောက် သေးဘူး၊ ရွာထဲမှာပိတ်မိနေသူတွေက များတယ်၊ ဒီဘက်က သိပ်မရွှေ့တော့လေ၊ အရင်က ဒီလောက်လည်း ရေတက်တာမျိုး မရှိတော့လေ ခုရေစီးက တအား သန်တော့ လာဖို့ခက်နေတာလား မသိဘူး” ဟု မြစ်သားမြို့ နယ် ပုဏ္ဏားရွာခံ တဦးက ယနေ့ ၁၁ နာရီတွင် ပြောပါသည်။
ယမန်နေ့ ည ၁၀ နာရီဝန်းကျင်တွင် ကျေးရွာအတွင်းသို့ ရေများဝင်ရောက်လာပြီး လူနေအိမ်များ မျောပါမှုတော့ မရှိသေးကြောင်း သိရပြီး ယနေ့ နံနက်ပိုင်းတွင် ရေအနည်းငယ် ပြန်ကျသွားကြောင်း ၎င်းကဆက်ပြောသည်။
ကျောက်ဆည်မြို့နယ်အတွင်း ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်နေသည့် နန္ဒာမေတ္တာရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင် တဦးက ကယ်လုပ်ဆောင်နေသော်လည်း စက်လှေ မလုံလောက်မှုနှင့် နှင့် စက်သုံးဆီ လိုအပ်ချက်များ ရှိနေကြောင်း ပြောသည်။
“ကျောက်ဆည်နယ်အတွင်းမှာ ကယ်ဆယ်ရေးအတွက် စက်လှေနှစ်ခုပဲရှိတယ်။ ရေက စမုံဆည်ကျိုးလို့တက်တာ ၁၁ ရက်နေ့ကတည်းက လိုက်မကယ်နိုင်ဘူး၊ ရေနစ်တဲ့နယ်က အရမ်းကျယ်နေတော့ မကယ်နိုင်ဘူးဖြစ်နေတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိကာလတွင် ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းကြောင့် နေရာအနှံ့ အပြား မိုးထစ်ချုပ်ရွာနိုင်ပြီး စစ်တောင်းမြစ် ပဲခူးမြစ် နှင့် သံလွင်မြစ်တို့မှာလည်း ရေအမြင့်သည် စိုးရိမ်ရေမှတ် အထက်သို့ ကျော်လွန်ရောက်နေသောကြောင့် တောင်ငူ ၊ ပဲခူး ၊ ဘားအံ ၊ မဒေါက် စသည့်မြို့နယ်များရှိ မြစ်ကမ်းနံဘေးနေ ပြည်သူများ သထိထားနေထိုင်ကြရန် စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနှင့်ဇလဗေသ ညွှန် ကြားမှုဦးစီးဌာနက ယနေ့ (စက်တင်ဘာလ ၁၃ ရက်) နံနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။
Source from MIZZA DAILY NEWS
Commentaires