ကျုံဒိုး-ကော့ကရိတ်-မြဝတီဘက်ကို သွားလာနေတဲ့ ယာဉ်အားလုံး ဆန်တင်ဆောင်တာတွေကို ဂျိုင်းတံတား အဖွဲ့စုံစစ်ဆေးရေးဂိတ်က တားဆီးပိတ်ပင်နေတယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။
ဩဂုတ်လ နောက်ဆုံးပတ်ကစပြီး ကရင်ပြည်နယ် ဂျိုင်းတံတား အဖွဲ့စုံစစ်ဆေးရေးဂိတ်က ကျုံဒိုး၊ ကော့ကရိတ်နဲ့ မြဝတီဘက်ကို ဆန်တင်ဆောင်တာတွေကို ခွင့်မပြုဘဲ တားဆီးပိတ်ပင်ထားပါတယ်။
ဂျိုင်းမြစ်တဖက်ကမ်းနဲ့ ကျုံဒိုးဂိတ်တွေကနေ တင်းတင်းကျပ်ကျပ် စစ်ဆေးနေတာပါ။ စစ်ဆေးလို့ တွေ့ရှိခဲ့ရင် ကားနဲ့လူပါ အကုန်ဖမ်းဆီးမယ် ပြောဆိုထားတာကြောင့် ကားသမား တော်တော်များများက မတင်ရဲဘူးလို့ ယာဉ်မောင်းတယောက်က ပြောပါတယ်။
“ကားတွေမှာ ဆန်အိတ်တင်ဆောင်ခွင့် မရှိတော့တာ ဟုတ်ပါတယ်။ တအိတ်ကို ၂,၀၀၀ ပေးရတယ်လို့လည်း ပြောတာပဲ။ သူတို့က မေးတယ်။ ဆန်၊ ဘီယာ၊ အရက် ပါလာလား။ ပါတယ်ဆိုရင် ပွင့်ပွင်းလင်းလင်းပြော။ စစ်တဲ့အခါ တွေ့လို့ရှိရင် ကားကော လူကော အကုန်သိမ်းမယ်။ အဲဒီလိုကြောင့် ကားသမားတော်တော်များများက မတင်ရဲဘူး။”
ဒါ့အပြင် စစ်ကောင်စီရဲ့ ဂျိုင်းတံတား အဖွဲ့စုံစစ်ဆေးရေးဂိတ်က ကော့ကရိတ်၊ ကိုးတိုင်ဂိတ် ဖြတ်သန်းသွားလာခွင့်လက်မှတ် ပြခိုင်းတဲ့အပြင် တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဂိတ်တွေက ဖြတ်သန်းလာတဲ့ယာဉ်တွေကို ဖမ်းဆီးသွားမယ်လို့ ပြောဆိုကြောင်း ယာဉ်မောင်းတွေက ပြောပါတယ်။
နိုင်ငံရေးမတည်မငြိမ်ဖြစ်တဲ့အချိန်မှာ စစ်ကောင်စီအတွက် ဝင်ငွေရလမ်းနဲ့ အကျိုးအမြတ်တွေ ရဖို့ အခွင့်အလမ်း ဖန်းတီးတာလို့ ဒေသခံတယောက်က ပြောပါတယ်။
“ဆန်အိတ်တွေ တင်ဆောင်ခွင့် မပြုဘူးဆိုတော့ စဉ်းစားစရာတွေ အများကြီးရှိတာပေါ့။ နိုင်ငံရေး မတည်မငြိမ်ဖြစ်တဲ့အချိန်မှာ သူတို့အတွက် ဝင်ငွေရလမ်းတွေရဖို့၊ အကျိုးအမြတ်တွေ ရဖို့အတွက် အခွင့်အလမ်း ဖန်တီးတယ်လို့ ပြောလို့ရတယ်။ အဓိကစားသောက်ကုန်ဖြစ်တဲ့ ဆန်စပါးကို သယ်ယူပို့ဆောင်ခွင့် မပေးဘူးဆိုရင် ပြည်သူလူထုတွေအတွက်က စားဝတ်နေရေး ပိုပြီးတော့မှ ခက်ခဲလာဖို့ရှိတယ်။”
ဒါ့အပြင် ကျုံဒိုး ချောင်းဖျားရွာလမ်းထိပ် ကျေးရွာဆက်လမ်းကနေ ဝင်ရောက်လာတဲ့ ယာဉ်တွေကို တားဆီးပိတ်ပင်ထားပြီး ကော့ကရိတ်မြို့တွင်းကနေ ဖြတ်သန်းခဲ့တဲ့ ကော့ကရိတ် အဖွဲ့စုံဂိတ်ဖြတ်လက်မှတ် ပါရှိမှ ကျုံဒိုးနဲ့ ဂျိုင်းတံတားကို ဖြတ်သန်းခွင့်ပြုပါတယ်။ တရားမဝင်ကုန်စည်နဲ့ လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးတာ၊ ဂျိုင်းတံတား မကြာခဏ ပိတ်တာတွေကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်ရတယ်လို့ နယ်စပ်ကုန်သည်တွေက ပြောပါတယ်။
နယ်စပ်ကုန်သည်တယောက်က “အဖမ်းအဆီးတွေလည်း ရှိတယ်။ ဂျူတီမဲ့တို့၊ ကားလိုင်စင်မဲ့တို့ ဘားအံနဲ့ ကော့ကရိတ် ကျုံဒိုး ဂျိုင်းတံတားမှာ ဖမ်းတာတွေရှိတယ်။ လက်ရှိမှာတော့ သွားလာလို့ရတယ်။ ဒါပေမဲ့ ဟိုဘက်က ပိတ်လိုက်၊ ဒီဘက်က ပိတ်လိုက်နဲ့ နှစ်ဖက်လုံးက ပိတ်လိုက် ဖွင့်လိုက်နဲ့ လုပ်နေတဲ့အခါကျတော့ လမ်းကြောမှာ ရက်တွေ ကြာလာတယ်။ စကစက ကော့ကရိတ်ထဲ ဝင်တဲ့အခါကျရင် ပေးချင်တဲ့အခါ ပေးဝင်တယ်။ မပေးဝင်ချင် မပေးဝင်ဘူး။ အဲဒီလိုတွေ လုပ်တယ်။ ပြောမယ်ဆိုရင် ဝေစုမတည့်တာပဲလား မသိဘူး” လို့ ပြောပါတယ်။
မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးမှာ အဓိကအရေးပါတဲ့ အာရှလမ်းမကြီးနဲ့ မြဝတီမြို့ကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်နိုင်ဖို့ နိုင်ငံအဆင့် အောင်ဇေယျစစ်ဆင်ရေး ၄ လကြာ လုပ်ခဲ့ပေမဲ့ မအောင်မြင်ဘဲ ပြန်လည်ဆုတ်ခွာသွားခဲ့ပါတယ်။
Source from DVB NEWS
Comments