ကမ္ဘာကျော် နည်းပညာ ကုမ္ပဏီကြီးဖြစ်တဲ့ အဲလ်ဖာဘတ် (Alphabet Inc) ရဲ့ ဂူဂဲလ် (Google) ကုမ္ပဏီဟာ ထိုင်းနိုင်ငံမှာ အချက်အလက် သိုမှီးစင်တာ (Data Center) နဲ့ ကလောက် (Cloud) အခြေခံအဆောက်အအုံတွေ တည်ဆောက်ဖို့အတွက် အမေရိကန်ဒေါ်လာ တစ်ဘီလီယံ ရင်းနှီးမြှုပ်နှံသွားမယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။
စက်တင်ဘာ ၃၀ ရက်နေ့မှာ ဂူဂဲလ်က အတည်ပြု ပြောဆိုလိုက်တာဖြစ်ပြီး ဒီရင်းနှီးမြှုပ်နှံမှုကနေ ၂၀၂၉ ခုနှစ် မတိုင်ခင်အထိ နှစ်စဥ် အလုပ်အကိုင်ပေါင်း ၁၄,၀၀၀ ကို ဖန်တီးပေးနိုင်လိမ့်မယ်လို့ ဆိုပါတယ်။
ဘန်ကောက်မြို့နဲ့ ချွန်ဘူရီမြို့တွေမှာ တည်ဆောက်မဲ့ ရင်းနှီးမြှုပ်နှံမှု အခြေခံအဆောက်အအုံတွေကနေ Cloud လိုအပ်ချက်၊ ဉာဏ်ရည်တုနည်းပညာ (Artificial Intelligence) ဆိုင်ရာ တီထွင်ဖန်တီးမှုတွေနဲ့ ဂူဂဲလ်ရဲ့ နာမည်ကျော် ဝန်ဆောင်မှုတွေဖြစ်တဲ့ Search ၊ Maps ၊ Google Workspace စတာတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းသွားဖို့ ရည်ရွယ်ထားတယ်လို့လည်း ဂူဂဲလ်ဘက်က ပြောပါတယ်။
ပြီးခဲ့တဲ့မေလကလည်း ကမ္ဘာကျော် နည်းပညာကုမ္ပဏီဖြစ်တဲ့ မိုက်ခရိုဆော့ (Microsoft) ကုမ္ပဏီက ထိုင်းနိုင်ငံမှာ ဒေသဆိုင်ရာ ဒေတာစင်တာ (Regional Data Center) တည်ဆောက်ဖို့ ကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံ ရင်းနှီးမြှုပ်နှံသွားမယ်လို့ ပြောခဲ့ပါတယ်။
Source from RFA BURMESE
Comments