top of page
Writer's pictureShwe Thai

ချစ်သူကိုသတ်ပြီး အလောင်းကို ဝရန်တာကွန်ကရစ်အောက်မှာ မြှုပ်ထားခဲ့တယ်လို့ ကိုရီးယားအမျိုးသားဝန်ခံ

တောင်ကိုရီးယား နိုင်ငံမှာ အမျိုးသားတယောက်ဟာ ချစ်သူ အမျိုးသမီးကို သတ်ပြီး သူ့အလောင်းကို ကွန်ကရစ်အောက်မှာ ဖုံးကွယ်ထားခဲ့တယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။

သူ့ချစ်သူ အမျိုးသမီး ၁၆ နှစ်ကြာ ပျောက်သွားခဲ့ပြီးနောက်မှာ အခုလို ဝန်ခံပြောကြားချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အသက် ၅၀ ဝန်းကျင် ရှိတဲ့ အဲဒီ အမျိုးသားဟာ ခေါ်ကြဲမြို့က သူ့တိုက်ခန်းမှာ ချစ်သူ အမျိုးသမီးနဲ့ အငြင်းအခုန် ဖြစ်ခဲ့ပြီးနောက် တုံးတဲ့လက်နက်နဲ့ထုရိုက်မှု ဖြစ်ပွားခဲ့တယ်လို့ သူက ဒေသန္တရ ရဲကို ပြောကြားခဲ့ပါတယ်။

အဲဒီနောက် သေဆုံးသွားတဲ့ ချစ်သူရဲ့ အလောင်းကို ခရီးဆောင်အိတ်ထဲ ထည့်ပြီး သူ့တိုက်ခန်း ဝရန်တာမှာ အုတ်တထပ်၊ ကွန်ကရစ်တထပ်လောင်းပြီး မြှုပ်ထားခဲ့တယ်လို့ သူက ဆိုပါတယ်။


လွန်ခဲ့တဲ့ ၁၆ နှစ်က ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်ရပ်ဟာ ပြီးခဲ့တဲ့ လတုန်းကမှ ဆောက်လုပ်ရေး ဝန်ထမ်းတယောက်က တိုက်ပြင်ဖို့ လုပ်ရင်း တူးဖော်ချိန်မှာ တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြ ပါတယ်။

ခရီးဆောင်အိတ်ထဲမှာ တွေ့ရတဲ့ တစိတ်တပိုင်း ကြွင်းကျန်နေတဲ့ အလောင်းဟာ ပျောက်ဆုံးနေတဲ့ အမျိုးသမီး ဖြစ်တယ်ဆိုတာကို လက်ဗွေ အမှတ်အသား အရ အတည်ပြု နိုင်ခဲ့တာ ဖြစ်ပါတယ်။


သေဆုံးသူ အမျိုးသမီးဟာ ခေါင်းကို တုံးတဲ့လက်နက်နဲ့ ရိုက်နှက်ခံရမှုကြောင့် သေဆုံးသွားခဲ့တာလို့ သေမှုသေခင်း ဆိုင်ရာ စစ်ဆေး တွေ့ရှိချက်တွေ အရ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ရဲက Mr A လို့ ခေါ်တဲ့ အမျိုးသားဟာ အလောင်းကို တွေ့ရှိချိန်မှာ အခင်းဖြစ်ပွားခဲ့တဲ့ တိုက်ခန်းမှာ နေထိုင်ခြင်း မရှိတော့ပေမယ့် သူ့ကို ရဲက မြန်မြန်ဆန်ဆန် တွေ့ရှိ ဖမ်းဆီး နိုင်ခဲ့ပါတယ်။


အသတ်ခံရသူ အမျိုးသမီးနဲ့ အခင်းဖြစ်ပွားခဲ့ရာ ခေါ်ကြဲမြို့က တိုက်ခန်းမှာ ငါးနှစ်ကြာ နေထိုင်ခဲ့ကြပြီး ၂၀၀၈ ခုနှစ် အောက်တိုဘာလမှာ သူတို့နှစ်ယောက် ငြင်းခုန်ခဲ့ရာက ခေါင်းကို တူနဲ့ ရိုက်နှက်တဲ့အထိ ဖြစ်ခဲ့တာလို့ ကျူးလွန်သူ အမျိုးသားက ရဲကို ပြောပါတယ်။

အဲဒီနောက် ချစ်သူ အမျိုးသမီးရဲ့ အလောင်းကို ခရီးဆောင် အိတ်ထဲ ထည့်ပြီး တတိယထပ် ဝရန်တာငယ်လေးမှာ အုတ်တထပ် ကွန်ကရစ်တထပ် မြှုပ်နှံခဲ့တာလို့ သူက ဆိုပါတယ်။

အလောင်းမြှုပ်ထားတဲ့ ဝရန်တာကို အိပ်ခန်းတွေထဲက တခန်းကနေသာ သွားနိုင်တာ ဖြစ်ပါတယ်။

ဒီအမျိုးသားဟာ ၂၀၁၆ တုန်းကလည်း မူးယစ်ဆေးမှုနဲ့ အဖမ်းမခံရခင် အဲဒီအခင်းဖြစ်ရာ တိုက်ခန်းမှာ ၈ နှစ် နေထိုင်ခဲ့တယ်လို့ ရဲက ပြောပါတယ်။


အဲဒီကတည်းက တိုက်ခန်းကို ပိုင်ရှင်က အငှားမတင်တော့ဘဲ ပစ္စည်းပဲ ထားခဲ့တာ ဖြစ်ပါတယ်။

အခင်းဖြစ်စဉ် အသက် ၃၀ ဝန်းကျင်ရှိတဲ့ အသတ်ခံရသူ အမျိုးသမီးကို သူ့မိသားစုက သူသေဆုံးပြီး ၃ နှစ်ကြာ တဲ့အထိ လူပျောက် အကြောင်းမကြားဘဲ ထားရှိခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။

သူတို့နဲ့ အဆက်အသွယ် ပြတ်နေတဲ့ သမီးဖြစ်သူဟာ သူတို့သွားရှာတဲ့အခါ ခေါ်ကြဲမြို့မှာ မရှိတော့ဘဲမစ္စတာ အေနဲ့ လမ်းခွဲသွားပြီးနောက် ခေါ်ကြဲမြို့ကနေ ထွက်သွားတယ်လို့ သူ့မိဘတွေက အာဏာပိုင်တွေကို ပြောကြားခဲ့ပါတယ်။


အခုနှစ်မှာတော့ အဆောက်အအုံပိုင်ရှင်က ရေဒဏ်ခံနိုင်အောင် တိုက်ကို ပြင်ဖို့ ကြိုးစားစဉ်မှာ လွန်ခဲ့တဲ့ ၁၆ နှစ်က ဖြစ်ပွားခဲ့တဲ့ လျှို့ဝှက် ဆန်းကြယ်အမှု ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။

သူတို့ရဲ့ စုံစမ်းစစ်ဆေးမှုကို ဆက်လုပ်သွားမယ်လို့ ရဲက ပြောပြီး လူသတ်မှု ကျူးလွန်ခဲ့တဲ့ အမျိုးသားကို စွဲချက်တင်သွားမယ်လို့ ဆိုပါတယ်။


Source from BBC NEWS MYANMAR

Comments


bottom of page