ကချင်ပြည်နယ်မှာ ဖုန်းနဲ့ အင်တာနက်ပြတ်တောက်မှု သုံးလကျော်နေပြီး ဒီနေ့အထိလည်း လိုင်းတွေ ပြန်မရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ကချင်ပြည်နယ်မှာ ဇူလိုင် ၂၁ ရက်နေ့ မနက်ပိုင်းကစလို့ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ စတင်ပြတ်တောက်ခဲ့တာပါ။
ကချင်ပြည်နယ်ရဲ့ မြို့နယ်အားလုံးနီးပါးမှာ MPT, Mytel, Atom, Ooredoo စတဲ့ အော်ပရေတာအားလုံး ပြတ်တောက်နေတာကြောင့် အင်တာနက်အသုံးပြုပြီး အလုပ်လုပ်ကိုင်သူတွေနဲ့ ကျောင်းတက်နေသူတွေ အခက်အခဲကြုံနေရတယ်လို့ ဆိုပါတယ်။
မြစ်ကြီးနားမြို့ပေါ်ရပ်ကွက် တချို့မှာတော့ MPT နဲ့ Atom ဖုန်းလိုင်း အနည်းငယ်ပြန်ရပေမဲ့ လိုင်းမကောင်းတာကြောင့် ဆက်သွယ်ဖို့ ခက်ခဲနေဆဲပဲလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အခုက ကျွန်းပင်သာ၊ လယ်ကုန်းဘက်တွေမှာတော့ MPT နဲ့ Atom ဖုန်းလိုင်းတွေတော့ ပြန်ပေါ်နေပြီ။ ဒါပေမဲ့ ဖုန်းကတော့ ဆက်မရဘူး။ တအား ဆက်ရခက်တယ်။ အင်တာနက်ကတော့ လုံးဝကို မရသေးဘူး။ Star Link ကို တစ်နာရီ ငါးထောင်၊ တစ်သောင်းနဲ့ သုံးလို့ရတဲ့နေရာတွေတော့ ရှိတယ်။ အရေးကြီးရင်တော့ အဲဒီကို သွားသုံးရတာပေါ့”
မြစ်ကြီးနားမြို့က အစိုးရဌာနဆိုင်ရာ ရုံးနေရာတွေနဲ့ MPT ရုံးအနီးတစ်ဝိုက်မှာလည်း ဖုန်းလိုင်းအနည်းငယ်ရပြီး အင်တာနက်ကတော့ မရသေးဘူးလို့ သူက ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနရုံးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
အရပ်ဘက်အဖွဲ့ဖြစ်တဲ့ မြန်မာအင်တာနက် စီမံကိန်းအဖွဲ့ရဲ့ စာရင်းအရ ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာ ၂၀ ရက်နေ့အထိ စာရင်းတွေအရ မြန်မာနိုင်ငံမှာ ဖုန်းနဲ့ အင်တာနက် ဖြတ်တောက်ခံထားရတဲ့နေရာ ၃၁၈ နေရာအထိ ရှိပါတယ်။
Source from RFA BURMESE
Comments